အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်စေရန် စက်ပစ္စည်းအသစ်များ တိုးချဲ့တပ်ဆင်မည့်အချိန်တွင် လိုင်းယာယီပြတ်တောက်မည်

ပို့စ်တင်ချိန် - 10/04/2013 02:58:00 PM


အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်စေရန် စက်ပစ္စည်းအသစ်များ တိုးချဲ့တပ်ဆင်မည့်အချိန်တွင် အဆိုပါ #ISP (Internet Service Provider) များနှင့် ချိတ်ဆက်ထားသော လိုင်းအချို့ ယာယီပြတ်တောက် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အင်တာနက်လိုင်းများ ပိုမိုကောင်းမွန်စေရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ISP Network နှင့် ချိတ်ဆက်ထားသော Point Of Presence (POP) အသစ်များ တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ရာ ယင်းအချိန်တွင် လိုင်းအချို့ယာယီပြတ်တောက်မည်ဖြစ်သည်။

POP အသစ်များ တပ်ဆင်ရာတွင် ယခင်တပ်ဆင်ထားသော စက်ပစ္စည်းများနှင့် ချိတ်ဆက်ကာ တွဲဖက် အသုံးပြုမည်ဖြစ်ပြီး ယင်းသို့အသုံးပြုနိုင်ပါက အင်တာနက်လိုင်းများပိုမို ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက ပြောသည်။

ဦးရဲနိုင်မိုးက “အရင် ISP နေရာမှာ စက်ပစ္စည်းအသစ်တွေ တိုးချဲ့တပ်ဆင်မှာပါ။ အရင်တုန်းက တပ်ဆင်ပြီးထားတဲ့ စက်ပစ္စည်း တစ်ခုတည်းမှာပဲ သုံးနေတာ။ အခုအသစ်တွေ တပ်ဆင်လိုက်ရင် ပြတ်တောက်မှု လည်း လျော့နည်းလာမယ်။ အင်တာနက်လိုင်းလည်း ပိုပြီးမြန်အောင်လုပ်နေတာပါ”ဟု အောက်တိုဘာ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

စက်ပစ္စည်းသစ်များ တပ်ဆင်ခြင်းလုပ်ကိုင်နေစဉ်တွင် အင်တာနက်သုံးစွဲနိုင်မှုများ ခေတ္တပြတ်တောက်မည်ဟုလည်း ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားပြီး ပြတ်တောက်မည့်အချိန်များမှ အောက်တိုဘာ ၅ ရက်တွင် နံနက် ၂ နာရီမှစတင်ကာ ၁၅ မိနစ်ခန့်အထိ ဟံသာဝတီ POP နက်ဝပ်များ၊ အောက်တိုဘာ ၈ ရက်တွင် နံနက် ၂ နာရီ ၁၅ မိနစ်မှ စတင်ကာ ၁၅ မိနစ်ခန့်အထိ မိုဘိုင်း POP၊ မရမ်းကုန်း POP နှင့် မောင်ထော်လေး POP၊ အောက်တိုဘာ ၉ ရက်တွင် နံနက် ၂ နာရီမှ ၁၅ မိနစ်အတွင်း #MICT POP နက်ခ်ဝပ်များ ပြတ်တောက်မည်ဖြစ်သည်။

အဆိုပါအင်တာနက် နက်ခ်ဝပ်စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ချိတ်ဆက်ခြင်း စီမံကိန်းကို မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ #NTT Communication တို့ပူး ပေါင်းဆောင်ရွက်ခြင်း
ဖြစ်သည်။

ISP Network နှင့် ချိတ်ဆက်ထားသော POP များတွင် မောင်ထော်လေး POP မှာ အဓိကဖြစ်ပြီး ရန်ကုန်မြို့တွင်း ဧရိယာများကို မောင်ထော်လေး POP မှတစ်ဆင့်ချိတ်ဆက်ထားခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် ဟံသာဝတီ POP နှင့် MICT တို့သို့ ချိတ်ဆက်ခြင်းဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာ ဌာနမှ သိရသည်။
Mizzima - News in Burmese