ရခိုင်ပြည်နယ်ရှိ အစိုးရ မဟုတ်သော အဖွဲ့များကို ပြန်လည် စိစစ်ရန် အစိုးရကို တောင်းဆိုမည်ဟုဆို

ပို့စ်တင်ချိန် - 10/12/2013 03:04:00 PM


နေပြည်တော်၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး အကြောင်းပြချက်ဖြင့် နှစ်ပေါင်း ကြာမြင့်စွာ ဝင်ရောက် လုပ်ကိုင်နေသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါအဝင် အစိုးရ မဟုတ်သည့် ပြည်တွင်းပြည်ပ NGO, INGO အဖွဲ့အစည်းများကို ပြန်လည် စိစစ်ရန် အစိုးရကို တောင်းဆိုမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် NGO, INGO အဖွဲ့ပေါင်း ၅၀၀ ကျော် ရှိသည့်အနက် ရခိုင်ပြည်နယ်အတွင်း ၁၉ ဖွဲ့ ဝင်ရောက် လုပ်ကိုင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုသော်လည်း ဒေသခံလူထု၏ တင်ပြချက်အရ အဖွဲ့ပေါင်း ၈၀ နီးပါးအထိ ရှိနေကြောင်း ဒေါ်ခင်စောဝေက ရှင်းပြသည်။
“အဲဒီအဖွဲ့တွေက ဘယ်ကပိုက်ဆံတွေရပြီး ဘာတွေ လုပ်နေတယ်ဆိုတာ ပြန်စိစစ်ပေးစေ ချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်နေသည့် NGO ၁၅ သင်းနှင့် INGO လေးသင်းရှိပြီး ယင်းအဖွဲ့အစည်းများကို အမည်စာရင်းများနှင့်တကွ အသေးစိတ် မှတ်တမ်း တင်ထားကြောင်း၊ အဆိုပါ အဖွဲ့အစည်းများ၏ ငွေရေးကြေးရေးနှင့် လုပ်ငန်း ဆောင်ရွက်မှုကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် မှတ်တမ်းများ ထားရှိပြီး တောင်းယူ ကြည့်ရှုနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ထို့အပြင် လစဉ် အစီရင်ခံစာနှင့် လေးလတစ်ကြိမ် အစီရင်ခံစာများကို NGO, INGO အဖွဲ့အစည်း အသီးသီးက အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုး တိုးတက်မှုဝန်ကြီးဌာနသို့ တင်ပြရကြောင်း၊ ငွေကြေး သုံးစွဲမှုမှာလည်း အဆိုပါဝန်ကြီးဌာနထံ တင်ပြသဘောတူပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
The Voice Weekly