အခြေခံဥပဒေပြင်ဆင်ရေး ဗဟန်းလူထု ဆန္ဒပြု

ပို့စ်တင်ချိန် - 10/14/2013 12:13:00 PM


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟန်းမြို့နယ်က ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပညာပေး ဟောပြောပွဲကို တက်ရောက်လာတဲ့ ပါတီဝင်တွေ ရဟန်းရှင်လူပြည်သူတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ဖို့ သဘောတူ ထောက်ခံခဲ့ကြပါတယ်။

ရန်ကုန်မြို့ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့တဲ့ ဟောပြောပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ ရဟန်းရှင်လူပြည်သူတွေ ရာနဲ့ချီ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖိှု့ဆန္ဒပြုခဲ့ကြတာပါ။

ဟောပြောပွဲမှာ ဦးဆောင်ဆွေးနွေး ဟောပြောသူတဦးဖြစ်တဲ့ စာရေးဆရာ ထင်လင်းဦး က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အသီးသီးမှာနေရာယူထားတာဟာ စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီကြောင်း အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ပတ်သက်ပြီး ဟောပြောခဲ့ ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတအရည်အချင်းတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အကြောင်း လည်း ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဗဟိုကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်ပြီး ပြည်သူလူထုရဲ့သဘောဆန္ဒကို စစ်တမ်းကောက်ယူဖို့ ဟောပြောပွဲတွေကို အောက်တိုဘာလ ပထမပတ်ကစလို့ နိုင်ငံအ၀ှမ်းမှာ ကျင်းပနေတာဖြစ်ပါတယ်။
RFA Burmese