မြန်မာ-ထိုင်း နယ်စပ်ရှိ မောတောင်ဒေသအား မြို့အဆင့်တိုးမြှင့်ရန် စီစဉ်နေ

ပို့စ်တင်ချိန် - 10/29/2013 09:56:00 AM


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ မြန်မာ-ထိုင်း နယ်စပ်တွင်ရှိသော မောတောင်ဒေသအား မြို့အဆင့် တိုးမြှင့်ရန်အတွက် မြို့ဧရိယာအား ဧက ၄၀၀၀ မှ ၇၀၀၀ ကြား ရှာပေးရန် တိုင်းဒေသကြီး အစိုးရမှ ညွှန်ကြားထားကြောင်း သိရသည်။

မြို့ဧရိယာအား တိုးချဲ့ရန်အတွက် တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ပြီး တိုင်းတာရန် စီစဉ်ဆောင်ရွက်နေကာ မြို့ပြအိုးအိမ်က ပုံစံချထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့ ပွင့်လင်းရာသီမှာ ဆင်းတိုင်းဖို့ စီစဉ်ဆောင်ရွက် နေပါပြီ။ ယခုလက်ရှိ မောတောင်ဒေသက ကျေးရွာအဆင့်လည်း မဟုတ်သလို မြို့အဆင့်လည်း မဟုတ်သေးပါဘူး။ ဒေသအနေနဲ့ ခေါ်ဆိုနေတုန်းပါ မောတောင်ဒေသလို့ပဲ ခေါ်ဆိုနေပါတယ်။ လက်ရှိအကျယ်အ၀န်းက ၁၁၆၄ ဒသမ ၅၅ ဧက ရှိပါတယ်။ ဒါကို မြို့ပြအဆင့် တိုးမြှင့်ရင် ဒီဧရိယာနဲ့ မလုံလောက်တဲ့အတွက် တိုင်းဒေသကြီး အစိုးရက ဧက ၄၀၀၀ နဲ့ ၇၀၀၀ ကြား ရှာပေးဖို့ ညွန်ကြားထားပါတယ်" ဟု တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောကြားသည်။ တနင်္သာရီ မြို့နယ်အတွင်းရှိ မောတောင်ဒေသတွင် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခု ဖွင့်လှစ်ထားပြီး ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေး စခန်းကို မေလအတွင်းက ဖွင့်လှစ်ဆောင်ရွက် ပေးထားသော်လည်း ထိုင်းနိုင်ငံဘက်မှ နယ်နိမိတ် တိုင်းတာမှုများ မပြီးပြတ်သေးသည့်အတွက် အဆင့်သင့် မဖြစ်သေးခြင်းဖြစ်ကြောင်း သိရသည်။

"အောက်တိုဘာ ၂၀ ရက်က နယ်နိမိတ် တိုင်းတဲ့အဖွဲ့တွေ ပြန်သွားပါပြီ။ ထိုင်းနိုင်ငံဘက်ကလည်း တိုင်းတာသလို မြန်မာနိုင်ငံဘက်ကလည်း တိုင်းတာခဲ့ပါတယ် တိုင်းတာမှု အနေထားအရ နှစ်ဦးနှစ်ဖက် ပြေလည်မှုရှိပြီး အစိုးရအဖွဲ့အထိ အဆင့်ဆင့် တင်ပြသွားရမှာ ဖြစ်ပါတယ် ကျွန်တော်တို့ ဘက်ကတော့ အဆင်သင့်ဖြစ်နေပြီး ထိုင်းနိုင်ငံ အစိုးရဘက် နယ်စပ်ကုန်သွယ်ရေး စတင်လိုက်တာနဲ့ ဒီဒေသတစ်လျှောက်ကတော့ ဖွံ့ဖြိုးလာဖို့ ရှိပါတယ်" ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မောတောင်ဒေသတွင် ယခုလက်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးနောက် အိမ်မြေဈေးများ တက်လာနေကြောင်း သိရသည်။ အချက်အချာကျသည့် နေရာများတွင် ပေ၄၀ x ၆၀ မြေတစ်ကွက်ကို ဘတ်သိန်းချီ ဈေးခေါ်နေပြီး ကုမ္ပဏီများ၊ စက်ရုံများမှလည်း ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သိရသည်။

မောတောင်ဒေသမှ မြိတ်မြို့အထိ ဖောက်လုပ်မည့် လေးလမ်းသွား ကတ္တရာလမ်းကိုလည်း ပွင့်လင်းရာသီအတွင်း စတင်မည်ဖြစ်ကြောင်း ယခုလောလောဆယ်တွင် သွားလာမှု လွယ်ကူရန်အတွက် မြေသားညှိခြင်းများ ဆောင်ရွက်ထားမည်ဖြစ်ကြောင်း မြိတ်အများပိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မောတောင်ဒေသတွင် မြို့ပြအဆင့် တိုးမြှင့်ချထားပေးခြင်း မရှိသေးသော်လည်း ရပ်ကွက်များအလိုက် ပိုင်းခြားထားကာ ကျန်စစ်သား၊ ဗန္ဓုလ၊ ဘုရင့်နောင်၊ အောင်ဇေယျ၊ အနော်ရထာ၊ အေးသာယာဟူ၍ ရပ်ကွက်လေးခုကို အရပ်ခေါ်အဖြစ် ခေါ်ဆိုနေကြောင်း သိရသည်။
Eleven Media Group