တစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံသည် စီးပွားရေး ပိုမိုကောင်းမွန်သော ဒေသတွင်းနိုင်ငံအချို့ထက် လျှပ်စစ် ဓာတ်အားခနှုန်းထား ပိုမို

ပို့စ်တင်ချိန် - 10/31/2013 10:56:00 AM

ကျောက်ဖြူရှိ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းထားမှုကို တွေ့ရစဉ်
လူတစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် စီးပွားရေး ပိုမိုကောင်းမွန်သော ဒေသတွင်း နိုင်ငံအချို့ထက် လျှပ်စစ် ဓာတ်အားခနှုန်းထား ပိုမိုပေးဆောင်ရမည် ဖြစ်ကြောင်း တစ်ကမ္ဘာလုံး အတိုင်းအတာအရ ထုတ်ပြန်ထားသော လူတစ်ဦးချင်း ၀င်ငွေစာရင်းနှင့် လျှပ်စစ်ဓာတ်အားခ ပေးဆောင်ရမှု အချက်အလက်များအရ နှိုင်းယှဉ်၍ သိရသည်။

လျှပ်စစ်ဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထည့်သွင်း ကြေညာချက်များအရ လက်ရှိ ကောက်ခံနေသော လျှပ်စစ်ဓာတ်အားခကို နိုဝင်ဘာ ၁ ရက်မှစ၍ နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံသွားမည် ဖြစ်သည်။

အစိုးရ အနေဖြင့် ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ယင်းကဲ့သို့ ဓာတ်အားခ နှုန်းထားများကို ပြင်ဆင် သတ်မှတ်လိုက်သည်ဟု အကြောင်းပြ ဖြေရှင်းခဲ့ပြီး အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိ ဈေးအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် သုံးသူများ တစ်ယူနစ် ကျပ် ၅၀ သို့ တိုးမြှင့်ကောက်ခံ မည်ဖြစ်သည်။ ထို့အပြင် အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိသုံး သူများ ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ကျပ် ၁၅၀ ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ကျပ် ၅၀၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီး ကောက်ခံမည်ဖြစ်သည်။
ဒေသတွင်းနိုင်ငံတွေမှာ ကျွန်တော်တို့က ဟိုးနောက်ဆုံးမှာ၊ ကမ္ဘာမှာလည်း  ၀င်ငွေအနည်းဆုံးနဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါတယ်။ စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း အခုမှ ကျွန်တော်တို့ အားယူနေဆဲပါ။ ဒီလို အနေအထားတွေမှာ ဒေသတွင်း စီးပွားရေးကောင်းတဲ့ အခြားနိုင်ငံတွေထက်ပါ ဓာတ်အားခကို ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ ပိုပေးရမယ်ဆိုရင် ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒီပုံနဲ့ဆို အိမ်နီးချင်းနိုင်ငံတွေကို    စီးပွားရေးအရ ကျွန်တော်တို့ ဘယ်လိုယှဉ်နိုင်တော့မလဲ . . .
အစိုးရအနေဖြင့် ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံမှုမှာ နယ်ပယ်အသီးသီးမှ ပြည်သူများအတွက် များစွာသက်ရောက်မှုရှိခဲ့ပြီး သာမန်မိသားစုအနေဖြင့် လျှပ်စစ်မီတာခအတွက် ယခင်ထက် ရာခိုင်နှုန်း ၄၀ နှင့် စီးပွားရေးလုပ်ငန်း အသုံးပြုသူများအတွက် ယခင်ထက် နှစ်ဆနီးပါးအထိ ကုန်ကျစရိတ်များ ကြီးမားစွာ မြင့်တက်သွားမည် ဖြစ်သည်။

ထို့ပြင် ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားခများကို တိုးမြှင့် သတ်မှတ်မှုကြောင့် အစိုးရသစ် လက်ထက်တွင် ရုန်းကန်နေရသော အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ ရပ်တည်မှုမှာ ယိမ်းယိုင်သွားနိုင်ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများမှာလည်း ရပ်တန့်သွားနိုင်ကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းမှ သုံးသပ်မှုများ ရှိနေသည်။ ထို့အပြင် နိုင်ငံ၏ စီးပွားရေးကိုလည်း ကြီးမားသော သက်ရောက်မှု ရှိလာမည်ဖြစ်ပြီး ခေတ်စနစ် အပြောင်းအလဲတွင် စီးပွားရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရာ၌ များစွာ နှောင့်နှေးသွားမည် ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိနေပါသည်။

နိုင်ငံအနေဖြင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ၀င်ရောက်နိုင်ရန် ဆောင်ရွက်မှုများ၊ အစီအမံများ ပြုလုပ်နေသည့် အချိန်အခါမျိုးတွင် စီးပွားရေး လုပ်ငန်းများအတွက် အရေးပါသော လျှပ်စစ်မီး အလုံအလောက် ရရှိရန် ပြုလုပ်ရမည့် အခြေအနေမျိုးတွင် ဓာတ်အားခ ဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအပေါ် ခြောက်လှန့်သကဲ့သို့ ဖြစ်ခဲ့ကြောင်း ပြောဆို ဝေဖန်မှုများလည်း ရှိနေသည်။ ထို့အပြင် လျှပ်စစ်မီး ရှားပါးသော အခြားပြည်နယ်နှင့် တိုင်းများတွင် မီတာခဈေးနှုန်းမှာ အခြားဒေသတွင်း နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများတွင်ပင် မရှိသော ဈေးနှုန်းမျိုးဖြစ်နေပြီး တစ်ယူနစ်လျှင် ကျပ် ၄၀၀ ကျော် ၅၀၀ နီးပါးရှိနေခြင်းမှာ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအပေါ် လုပ်ကိုင်ခွင့်ပေးရာတွင် ပြည်သူများ၏ လိုအပ်ချက်နှင့် တိုင်းပြည်အနာဂတ်အတွက် ဖြစ်သင့်သည့် အခြေအနေများအပေါ် သုံးသပ်နိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်ကြောင်း ဒေသတွင်းပြည်သူများ၏ ဝေဖန်မှုများကို ခံနေကြရသည်။ ဓာတ်အား အလုံအလောက် မရရှိမှုအပေါ် အခြေခံပြီး ယင်းကဲ့သို့ မည်သည့်နိုင်ငံမှ မရှိသော ဈေးနှုန်းများဖြင့် သတ်မှတ် လုပ်ဆောင်နေခြင်းမှာ ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုးနှင့် စိတ်ဖိစီးမှုများကို ပိုမို ဖြစ်ပေါ်စေကြောင်းလည်း သုံးသပ်မှုများ ရှိနေကြသည်။

"အရင်တုန်းက ကျွန်တော်တို့ နိုင်ငံက ဆိုရှယ်လစ်နိုင်ငံဆိုတော့ အစိုးရက အရှုံးကိုကျခံတယ်။ ပြည်ပကို ထုတ်ရောင်းတာမျိုးလည်း မရှိဘူး။ ပြီးတော့ လျှပ်စစ်စွမ်းအင်တွေ ပြည်ပကို ထုတ်ရောင်းတယ် ဆိုတာနဲ့လည်း ပြောပြရမယ်ဆိုရင် ဒီဓာတ်အားပေး စက်ရုံတွေက နိုင်ငံခြားကလာပြီး စက်ရုံတည် ရင်းနှီးမြှုပ်နှံမှုလုပ်တာ။ ပြည်တွင်းကို ပြန်ပေးပါတောင်းရင် ဒီဓာတ်အားတွေ ပြန်သယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကချင်မှာ လုပ်ရင် ကချင် မီးလင်းသင့်တယ်။ ရခိုင်မှာ လုပ်ရင် ရခိုင် မီးလင်းသင့်တယ်။ ပြည်တွင်းမှာ မလုံလောက်လို့ ပြည်ပကနေ တင်သွင်းရပြီဆိုရင် ဈေးကွက် မတည်ငြိမ်မှု ပြဿနာတွေက ရှိနေမှာပဲ" ဟု ဇောတိက လုပ်ငန်းအုပ်စုမှ ဦးခင်လှိုင်က ပြောကြားသည်။

နိုဝင်ဘာ ၁ ရက်မှစ၍ လျှပ်စစ်မီတာခများကို တိုးမြှင့်လိုက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်ရန် အခက်တွေ့သကဲ့သို့ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ရပ်တည်ရန် ရုန်းကန်ကြရမည် ဖြစ်ရာ တစ်ဖက်တွင်လည်း အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်ဈေးနှုန်းများ  မြင့်တက်လာနိုင်ကာ အခြေခံ လူတန်းစားများအနေဖြင့် ပိုမို အထိနာဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ခဲ့ကြသည်။

၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ စတင်၍ ဓာတ်အားခနှုန်းထားများကို အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး မီတာတစ်ယူနစ်လျှင် ကျပ် ၅၀ ကောက်ခံခဲ့ရာမှ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်၍ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ ၊ လုပ်ငန်းသုံးမီတာ တစ်ယူနစ်လျှင် ကျပ် ၁၀၀ သို့ ပြောင်းလဲ တိုးမြှင့် ကောက်ခံခဲ့သည်။ ထို့အပြင် ယခုတစ်ကြိမ် ထပ်မံ တိုးမြှင့်ကောက်ခံမှုကို နိုဝင်ဘာ ၁ ရက်တွင် ထပ်မံ တိုးမြှင့်ကောက်ခံမည် ဖြစ်သော်လည်း အစိုးရအနေဖြင့် အများပြည်သူထံ ကြိုတင် အကြောင်းကြားမှုများ၊ နိုင်ငံတော်အနေဖြင့် ပြည်သူများအတွက် တစ်ယူနစ်လျှင် မည်မျှအရှုံးပေါ်၍ တိုးမြှင့်ရခြင်းကို  တွက်ချက်ပြခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းရာတွင် လည်းကောင်း၊ နိုင်ငံတော်အနေဖြင့်  ပြန်လည် ၀ယ်ယူရာတွင်လည်းကောင်း ပွင့်လင်းမြင်သာစွာ ချပြနိုင်ခဲ့ခြင်း မရှိမှုအပေါ် ပြည်သူများအနေဖြင့် ပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွက် နိုင်ငံတကာမှ တွက်ချက် ထုတ်ပြန်ထားသော စာရင်းများအရ မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေမှာ  ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင် အနိမ့်ဆုံး ဖြစ်နေသော်လည်း လျှပ်စစ်ဓာတ်အားခနှုန်း ထားမှာမူ အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားပိုမိုကောင်းမွန်သော နိုင်ငံအချို့ထက် ပိုမိုပေးဆောင်ရမည့် အနေအထားတွင် ရှိနေသည်။

"လူတစ်ဦးချင်း ၀င်ငွေကို ကြည့်ရင် ဒေသတွင်း နိုင်ငံတွေမှာ ကျွန်တော်တို့က ဟိုးနောက်ဆုံးမှာ။ ကမ္ဘာမှာလည်း ၀င်ငွေအနည်းဆုံးနဲ့ အဆင်းရဲဆုံး နိုင်ငံတွေထဲမှာပါတယ်။ စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း အခုမှ ကျွန်တော်တို့ အားယူနေဆဲပါ။ ဒီလို အနေအထားတွေမှာ ဒေသတွင်း စီးပွားရေးကောင်းတဲ့ အခြားနိုင်ငံတွေထက်ပါ ဓာတ်အားခကို ပြည်သူတွေ၊ လုပ်ငန်းရှင်တွေ ပိုပေးရမယ်ဆိုရင် ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ဒီပုံနဲ့ဆို အိမ်နီးချင်းနိုင်ငံတွေကို စီးပွားရေးအရ ကျွန်တော်တို့ ဘယ်လိုယှဉ်နိုင်တော့မလဲ။ ဒါဟာ ပြည်သူတွေအတွက် ကြီးမားတဲ့ ဖိအားကြီးတစ်ခု ဖြစ်စေပါတယ်" ဟု စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းအောင်က သုံးသပ်ခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တစ်ဦးချင်းဝင်ငွေ အနည်းဆုံး နိုင်ငံများအား တွက်ချက် ထုတ်ပြန်ချက်များအရ နိုင်ငံပေါင်း ၂၂၅ တွင် အဆင့် ၂၀၅ ၌ ရပ်တည်နေပြီး ဆိုမာလီယာ၊ မာလီ၊ အာဖဂန် စသည့်နိုင်ငံများနှင့် အတူအောက်ဆုံးတွင် ရပ်တည်နေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ စီးပွားရေး တည်ငြိမ်မှုရအောင်  ရုန်းကန်နေသော မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် စီးပွားရေးအရ ယှဉ်ပြိုင်နိုင်ရန် များစွာမလွယ်သည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ထုတ်ဖော် ပြောဆိုမှုများ ရှိလာသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့  ပြောင်းလဲနေသည့် မြန်မာနိုင်ငံတွင် အစိုးရသစ် လက်ထက်အတွင်း နိုင်ငံခြားငွေကြေး ဈေးနှုန်းမြင့်တက်မှု၊ အိမ်ခြံမြေဈေးနှုန်းများ အဆမတန် မြင့်တက်မှု၊ အလယ်အလတ်နှင့် အခြေခံ လူတန်းစားများအတွက် အိမ်ခန်းငှားခနှင့် နေထိုင်မှု စရိတ်သုံးဆခန့်အထိ မြင့်တက်မှုများ ရှိနေသည့်ကြားမှပင် ယခုကဲ့သို့ ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် လျှပ်စစ်မီတာခ ဈေးနှုန်းများပါ ထပ်မံ တိုးမြှင့်လိုက်ခြင်းမှာ စိတ်ပျက်ဖွယ် အနေအထားပင် ဖြစ်ကြောင်း  နယ်ပယ်အသီးသီးမှလည်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။




Eleven Media Group