ကျောချောင်းအတွင်း ဘိလပ်မြေ တင်ဆောင်လာသော ဆယ်ဘီးကားတစ်စီး ဖြတ်ကူးစဉ် စက်ချို့ယွင်း၍ နစ်မြုပ်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 10/25/2013 08:41:00 AM




မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ကျောချောင်းအတွင်း အောက်တိုဘာ ၂၃ရက် နံနက် ၉ နာရီခန့်တွင် ကျောချောင်း အရှေ့ဖက်ကမ်းမှ အနောက်ဖက်ကမ်းသို့ ဘိလပ်မြေ တင်ဆောင်လာသော ဆယ်ဘီးကားတစ်စီး ဖြတ်ကူးရာ ချောင်းလယ်အရာက်တွင် စက်ချို့ယွင်းမှု ဖြစ်ပွားပြီး ချောင်းအတွင်း နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

ကျောချောင်းအတွင်း ချောင်းရေကျဆင်းမှုမှာ နည်းပါးနေသည့်အတွက် အဆိုပါ ကားပေါ်ရှိ ဘိလပ်မြေများအား အလုပ်သမားဖြင့် ရေလွတ်နေရာများဆီသို့ သယ်ယူမှု ပြုလုပ်နေပြီး ကားမှာမူ ဆယ်ယူနိုင်ခြင်း မရှိသေးဘဲ သဲများအောက် တဖြည်းဖြည်းခြင်း ကျွံကျနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

"မနက် ၉ နာရီ ၀န်းကျင်လောက်ကဖြစ်တာ ကူးတုန်းက နှစ်စီး။ ဒီအစီးက ချောင်းလယ်ရောက်မှ ကာဗိုက်တာထဲ ရေ၀င်ပြီး ထိုးရပ်သွားတာ။ ကားပေါ်က ဘိလပ်မြေအိတ်တွေကိုတော့ အလုပ်သမားတွေနဲ့ သယ်ပြီး ရွှေ့ထားတယ်။ ချောင်းရေ မများပေမဲ့ ဘီးတွေက သဲအောက်ကျွံသွားပြီး တဖြည်းဖြည်း မြုပ်သွားတာ။ ကားတစ်ဝက်လောက်တော့ မြုပ်သွားပြီ။ လူတော့ အသေအပျောက် မရှိဘူး။ လောလောဆယ် ချောင်းထဲ ကားဖြတ်တာကိုတော့ သက်ဆိုင်ရာက တားထားတယ်။ တောင်ကျရေကြောင့် ဖြစ်တာမဟုတ်ပါဘူး"ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သော ပေါက်မြို့ခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ဘိလပ်မြေတင်ကား ချောင်းတွင်း နစ်မြုပ်မှုနှင့် ပတ်သက်ပြီး ပေါက်မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေနှင့် စုံစမ်းဆဲသာ ဖြစ်ကြောင်း ဖြေကြားခဲ့ပြီး ပေါက်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးရုံးသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း လူကြီးများမှာ အစည်းအဝေး ကျင်းပနေကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။

ပေါက်မြို့နယ်အတွင်းရှိ ကျောချောင်းအတွင်း ဆယ်ဘီးကားတစ်စီး ဖြတ်ကူးရာမှ စက်ချို့ယွင်းပြီး ချောင်းတွင်း နစ်မြုပ်စဉ် (ဓာတ်ပုံ - ရဲထွန်းဝင်း)
Eleven Media Group