မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိနေသဖြင့် မြောက်ဦးမြို့တွင် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်း

ပို့စ်တင်ချိန် - 10/28/2013 10:50:00 AM


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ရရှိနေပြီ ဖြစ်သဖြင့် ယခင်ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ညမထွက် အမိန့်အား မြို့နယ်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်မှ စတင်ရုပ်သိမ်း လိုက်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ရုပ်သိမ်းလိုက်ခြင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုများကို ရရှိနေခြင်းနှင့် ပွင့်လင်းရာသီအတွင်း ခရီးသွားများ လွယ်လင့်တကူ သွားလာနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ပုဒ်မ-၁၄၄ ရုပ်သိမ်းလိုက်ခြင်းဖြင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေ လာမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက "ကျွန်တော်တို့ ဒေသတွင်းမှာ တည်ငြိမ်အေးချမ်းမှုတွေ ရနေပြီ။ ဘာပြဿနာမှ မဖြစ်တော့ဘူး။ နောက်ပြီး ခရီးသွား လုပ်ငန်းအတွက်လည်း တစ်စိတ်တစ်ဒေသ ပါတယ်။ ဒီလိုရုပ် သိမ်းလိုက်မှ ဒေသပိုမို တိုးတက်မှာ ဖြစ်တယ်။ ဒေသခံတွေကလည်း ၀မ်းသာကြပါတယ်" ဟု ပြောကြားသည်။
မြောက်ဦးမြို့သည် ရှေးဟောင်းနယ်မြေ တစ်ခုဖြစ်သည့်အတွက် ပွင့်လင်းရာသီအတွင်း ခရီးသွား လုပ်ငန်းကို အဓိကထား လုပ်ကိုင်မှုများနှင့် ခရီးသွား လုပ်ငန်းကို အခြေခံကာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ကြသူ များစွာရှိကြောင်း သိရသည်။
ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းခြင်းဖြင့် ဟိုတယ်လုပ်ငန်းများအားလုံး ပြန်လည်လည်ပတ် လာနိုင်မည်ဖြစ်ကြောင်း ဒေသခံများက ကြားသည်။
"အခုလို ရုပ်သိမ်းလိုက်တဲ့အတွက် စီးပွားရေး လုပ်ငန်းတွေ ပိုအဆင်ပြေလာမယ်။ လူမှုရေးလုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းတွေလည်း လုပ်ကိုင်ရတာ ပိုမိုအဆင်ပြေလာမယ် ဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ လက်ရှိမှာ ဒေသတွင်း ပြဿနာ ဖြစ်တာလည်း မရှိတော့တဲ့အတွက် အခုလို ရုပ်သိမ်းတာလို့ သိရပါတယ်" ဟု မြောက်ဦးမြို့မှ ကိုကျော်စိန်သန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်း၊ မာန်အောင်နှင့် ဂွမြို့နယ်များ၌သာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း မရှိဘဲ ကျန်မြို့နယ် ၁၄ မြို့နယ်အတွင်း ထုတ်ပြန်ထားခဲ့ရာ ပုဒ်မ ၁၄၄ အား ပထမဆုံး ရုပ်သိမ်းသော
မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။ သို့သော် ဒေသလုံခြုံရေးအတွက် လက်နက်ကိုင် လုံခြုံရေး တပ်သားများ ပြန်လည်ရုပ်သိမ်းထားခြင်း မဟုတ်ဘဲ ပုံမှန်အတိုင်း နေရာချထား ဆောင်ရွက်နေဆဲ ဖြစ်ကြောင်းလည်း မြောက်ဦးမြို့မှ ဒေသခံများက ပြောကြားသည်။
Eleven Media Group