.မီတာခများ ဈေးတက်ပြီ

ပို့စ်တင်ချိန် - 10/29/2013 08:17:00 AM


လာမည့်နိုဝင်ဘာလမှ စ၍ အသုံးပြုမည့် မီတာယူနစ်ကြေးများကို တိုးမြင့်ကောက်ခံတော့မည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနမှ ယနေ့(၂၈၊၁၀၊၂၀၁၃) ရက်နေ့တွင် တရားဝင်သတင်း ထုတ်ပြန်လိုက်သည်။

ယခုလက်ရှိ ကောက်ခံနေသော အိမ်သုံးမီတာ နှုန်းတားများမှာ တစ်ယူနစ်လျှင် ၃၅ ကျပ်နှင့် လုပ်ငန်းသုံးမှာ ၇၅ ကျပ်နှုန်း ဖြစ်ရာမှ နိုဝင်ဘာလမှ စ၍ အိမ်သုံး တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း ဖြစ်ပြီး ၁၀၁ ယူနစ်နှင့် အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ၅၀ နှုန်းသို့ လည်းကောင်း၊ လုပ်ငန်းသုံးအတွက် တစ်ယူနစ်မှ ယူနစ် ၅၀၀၀ ထိ သုံးစွဲပါက တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှုန်း ဖြစ်ပြီး၊ ၅၀၀၁ ယူနစ်နှင့် အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းတား သို့လည်းကောင်း ပြောင်းလဲ ကောက်ခံမည်ဟု ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

"လာမယ့် နိုဝင်ဘာလမှာ သုံးစွဲကြတဲ့ ဓာတ်အား သုံးစွဲမှုတွေကို တွက်ချက်ပြီးတော့ဒီဇင်ဘာလမှာ ကောက်ခံတော့မှာ ဖြစ်ပါတယ်။တနိုင်ငံလုံးက လျှပ်စစ်သုံးစွဲမှုနှုန်းတားတွေကို ပြောင်းလဲကောက်ခံတာ ဖြစ်ပါတယ်။ "ဟု ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က News Watch သတင်းဂျာနယ်ကို ပြောသည်။

ယင်းအပြင် အစိုးရရုံးဌာနများတွင် သုံးစွဲသောရုံးသုံး မီတာနှင့် စက်မှုသုံးမီတာများကို ယခင်က တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံခဲ့ရာမှ ယခုအခါ ရုံးသုံး တစ်ယူနစ် လျှင် ၅၀ ကျပ်နှင့် စက်မှုသုံး တစ်ယူနစ်လျှင် ၁၀၀ ကျပ် နှုန်းတားဖြင့် ကောက်ခံ
တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)