မြန်မာနိုင်ငံတွင် လာမည့်ငါးနှစ် အတွင်း ဘိလပ်မြေ ဝယ်လိုအား ၁ဝ ရာခိုင်နှုန်း မြင့်တက် လာဖွယ်ရှိ

ပို့စ်တင်ချိန် - 10/16/2013 03:21:00 PM




Wednesday, 16 October 2013

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုနှင့် အတူ စီးပွားရေး အခြေခံ အဆောက်အအုံ တည်ဆောက်မှု အပိုင်းများ မြင့်တက်လာ နေခြင်းကြောင့် ဘိလပ်မြေ ဝယ်လိုအားမှာ လည်းလာမည့် ငါးနှစ်အတွင်း ၁ဝ ရာခိုင်နှုန်း မြင့်တက် လာနိုင်ကြောင်း စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ခန့်မှန်း ပြောကြားခဲ့သည်။

အဆိုပါ ဘိလပ်မြေ ဝယ်လိုအား မြင့်တက်လာမှုကို ဖြည့်တင်းနိုင်ရန် လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ဘိလပ်မြေ စက်ရုံအသစ် ကိုးရုံအထိ ရှိကြောင်း၊ ပြည်တွင်း၌ ဘိလပ်မြေ စက်ရုံများမှ ဘိလပ်မြေ သုံးစွဲမှု၏ သုံးပုံတစ်ပုံခန့်သာ ထုတ်လုပ်နိုင် သေးကြောင်း၊ ယင်းအတွက် ပြည်တွင်း ဘိလပ်မြေ ဈေးကွက်ရရှိရေး အရှေ့တောင်အာရှ ဘိလပ်မြေ ကုမ္ပဏီကြီး များ ဝင်ရောက်လျက် ရှိနေကြောင်း သိရသည်။

''ပြည်တွင်းမှာ အဆောက်အအုံ တည်ဆောက်မှု တွေများလာတယ်။ ဘိလပ်မြေ သုံးစွဲမှု မြင့်တက် လာတာကို ထုတ်လုပ်နိုင်မှု အပိုင်းလိုက် မဖြည့်နိုင် ဖြစ်လာတယ်။ အိမ်နီးချင်းနိုင်ငံ တွေက တင်သွင်းရတဲ့ အဆင့်အထိ ဖြစ်လာတယ်။ ဒီတော့ စရိတ်ကြီး တာပေါ့။ ပြည်တွင်းမှာ ထုတ်လုပ်နိုင်ရင် ပိုကောင်းတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံ အခြေစိုက် Siam Cement (ဆင်တံဆိပ် ဘိလပ်မြေ)နှင့် အင်ဒိုနီးရှား နိုင်ငံ အခြေစိုက် Semen Indonesia တို့ မြန်မာနိုင်ငံတွင် ဘိလပ်မြေ စက်ရုံများ တည်ဆောက်၍ ဘိလပ်မြေ ထုတ်လုပ်ရန် လုပ်ဆောင်လျက် ရှိနေကြောင်း၊ Siam Cement ကုမ္ပဏီမှ အမေရိကန် ဒေါ်လာသန်း ၃၈၈ တန် ဘိလပ်မြေ စက်ရုံ တည်ဆောက်မည် ဖြစ်ပြီး Semen Indonesia ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ သန်း ၂ဝဝ တန် ဘိလပ်မြေ စက်ရုံများ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း အစိုးရပိုင် ဘိလပ်မြေ စက်ရုံသုံးရုံနှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေ စက်ရုံ ၁၂ ရုံ အထိရှိနေပြီး တစ်နှစ်လျှင် ဘိလပ်မြေ ထုတ်လုပ်နိုင်မှု ပမာဏ ၄ ဒသမ ဝ၂ သန်း ရှိကြောင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဘိလပ်မြေ စက်ရုံသစ် ကိုးရုံသည် ၂ဝ၁၅ ခုနှစ် တွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းပြီး ယင်းစက်ရုံများ ပြီးစီးပါက ဘိလပ်မြေ တန်ချိန် တစ်နှစ်လျှင် ၁ဝ ဒသမ ၅၃ သန်း ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြ၀တီ