ယာဉ်အစီး ၂၀ ကျော်၏ တာယာများ ထပ်မံထိုးဖောက်ခံရမှု တာယာဆိုင်မှ လူငယ်တစ်ဦးကို ဖမ်းမိ - The Voice Weekly

ပို့စ်တင်ချိန် - 10/18/2013 09:02:00 AM



ကမာရွတ်မြို့နယ်ရှိ လမ်းမများတွင် ညအိပ် ရပ်နားထားသည့် ယာဉ်အစီး ၂၀ ကျော်၏ ဘီးတာယာများ ဒုတိယအကြိမ်မြောက် ထိုးဖောက်ခံရမှု အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်က ထပ်မံဖြစ်ပွားခဲ့ရာ တာယာဆိုင်တွင် အလုပ်လုပ်ကိုင်နေသော လူငယ်တစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ကမာရွတ်မြို့နယ် အမှတ် (၄) ရပ်ကွက် ကွမ်းခြံ (၁) လမ်းတွင် ရပ်နားထားသည့် ယာဉ်များအနီးတွင် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို နံနက် ၂ နာရီ ၃၀ မိနစ်အချိန်က ဘောလုံးပွဲ ကြည့်ရှု နေသူတစ်ဦးက တွေ့မြင်ခဲ့ရာက မသင်္ကာသဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရာ အဆိုပါ လူငယ်မှာ ထွက်ပြေးသွားခဲ့သော်လည်း လုံခြုံရေး ကင်းစောင့်နေသည့် ရဲအရာရှိတစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်လံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက The Voice သို့ ပြောဆိုသည်။
“ကျွန်တော်က ဘောလုံးပွဲ ကြည့်နေရာက အမှတ်တမဲ့ မြင်လိုက်တာ၊ ကျွန်တော့်ကားကို အရင်ဖောက်တာ၊ အဲဒီတုန်းကတော့ မသိလိုက်ဘူး။ ဘီးကိုဖောက်လိုက်တဲ့ အသံတော့ကြားလို့ မသင်္ကာတာနဲ့ စောင့်ကြည့်နေတာ။ နောက်တစ်စီးကို ထပ်ဖောက်တော့မှ ဝိုင်းဖမ်းကြတာ” ဟု အမှတ် (၄) ရပ်ကွက်၊ ကွမ်းခြံ (၁) လမ်းတွင် နေထိုင်သူ ဦးသိန်းထိုက်က ပြောကြားသည်။

ဖမ်းဆီးရမိသူသည် အသက် ၁၈ နှစ်အရွယ် ဟိန်းထက်အောင် ဆိုသူဖြစ်ပြီး အမှတ် (၈) ရပ်ကွက် ဗဟိုလမ်းရှိ ပြည့်ဖြိုးစံ တာယာဆိုင်တွင် အလုပ်လုပ်ကိုင်သူ ဖြစ်ကြောင်း ကမာရွတ် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် ပြည့်ဖြိုးစံ တာယာရောင်းဝယ်ရေး ဆိုင်သို့ The Voice က သွားရောက် မေးမြန်းရာ အဆိုပါ လူငယ်မှာ ၎င်းတို့ဆိုင်တွင် လုပ်ကိုင်သူဖြစ်ပြီး ယမန်နေ့ကအထိ အလုပ်ဆင်းကြောင်း ဆိုင်ရှိ ဝန်ထမ်းတစ်ဦးက ပြန်လည် ဖြေဆိုခဲ့ကာ ဆိုင်ပိုင်ရှင်ကို ထပ်မံမေးမြန်းရာ ဟိန်းထက်အောင်သည် ၎င်းတို့ဆိုင်တွင် အလုပ်လုပ်ကိုင်သူ မဟုတ်ကြောင်း အရောင်းဝန်ထမ်းနှင့် ကွဲပြားစွာ ဖြေကြားခဲ့သည်။

ယင်းကားဘီး တာယာများ ထိုးဖောက်ခံရမှုတွင် ပါဝင်သည့် ယာဉ်များမှာ ကမာရွတ်မြို့နယ် အမှတ် (၈)၊ အမှတ် (၆)၊ အမှတ် (၄) နှင့် အမှတ် (၃) ရပ်ကွက်တို့ရှိ ဇေယျာလမ်း၊ မင်္ဂလာလမ်း၊ ပြည်ရိပ်မွန် အိမ်ရာလမ်း၊ ကွမ်းခြံ (၁) လမ်းနှင့် ပန်းခြံလမ်းတို့တွင် ညအိပ်ရပ်နားထားသည့် ယာဉ်များလည်း ပါဝင်ကြောင်း၊ ယာဉ်များ၏ လမ်းအတွင်းဘက်ပိုင်းဘီး (ရှေ့နောက်) တာယာများကို သံချွန်ဖြင့် ထိုးဖောက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ကျွန်တော့်ကားတော့ တာယာနှစ်လုံးစလုံး အသစ်လဲလိုက်ရတယ်။ အရင်တစ်ခါတုန်းကလည်း အဖောက်ခံထားရတာ ဆိုတော့ ပြန်ဖာလို့ မရတော့ဘူးလေ” ဟု အဝေရာလမ်းနှင့် ဇေယျာလမ်းထောင့်တွင် ရပ်နားထားသည့် TOYOTA အမှတ်တံဆိပ် BB ယာဉ်ပိုင်ရှင် ဦးဝင်းခိုင်ဖြိုး က ပြောကြားသည်။

အဆိုပါ ကားဘီးများ ထိုးဖောက်ခြင်းနှင့် ပတ်သက်၍ ဟိန်းထက်အောင် (ခ)၊ ဟိန်းဇော်ထက် (ခ) ချစ်ကောင်းကို (ပ) ၄၅၇၊ ပြစ်မှုပုဒ်မ-၃၇၉/၅၄ ဖြင့် ကမာရွတ် ရဲစခန်းက အမှုဖွင့် ဆောင်ရွက်နေကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်ပွားမှုသည် ကမာရွတ် မြို့နယ်တွင် ဒုတိယအကြိမ် ဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီ ဝန်းကျင်ကလည်း အမှတ် (၈) နှင့် အမှတ် (၃) ရပ်ကွက်တို့တွင် ယာဉ်စီးရေ ၄၀ ခန့် ယခုကဲ့သို့ ဘီးတာယာများ ထိုးဖောက်ခံခဲ့ရကြောင်း ဇွန်လအတွင်းကလည်း ယင်းမြို့နယ်တွင် ယာဉ်စီးရေ ၂၀ ဝန်းကျင်၏ ယာဉ်တွင်း နောက်ကြည့်မှန်များ၊ ယာဉ်အမှတ်တံဆိပ်များနှင့် အခြားပစ္စည်းများကို တစ်ချိန်တည်း၊ တစ်ညတည်းတွင် ခိုးယူခံခဲ့ရကြောင်း ယင်းရပ်ကွက်ရှိ ယာဉ်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly