နိုင်ငံရေး သမားများကို ထောင်ချခဲ့သည့် အီလက်ထရွန်နစ် ဥပဒေပါ ထောင်ဒဏ်အစား ငွေဒဏ်များဖြင့် အစားထိုးပြင်ဆင်မှု ပြည်သူ့လွှတ်တော် အတည်ပြု

ပို့စ်တင်ချိန် - 10/24/2013 09:03:00 AM



ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ်
နိုင်ငံရေး သမားများကို ထောင်ချခဲ့သည့် အီလက်ထရွန်နစ် ဥပဒေပါ ထောင်ဒဏ်များအစား ငွေဒဏ်များဖြင့် အစားထိုး ပြင်ဆင်မှုကို ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၂၂ ရက်က အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကို ၂၁.၈.၂၀၁၃ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေးလိုသူများ၏ အမည်စာရင်း တောင်းခံခဲ့သည်။ သို့သော် ၁၀.၁၀.၂၀၁၃ ရက်အထိ ဆွေးနွေးရန် တင်ပြလာသည့် ကိုယ်စားလှယ် တစ်ဦးမျှ မရှိခဲ့သဖြင့် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာပါ ပြင်ဆင်ချက်များအတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ ပါ "အနည်းဆုံး ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်အထိ" ဆိုသည့် စကားရပ်အစား "အနည်းဆုံး ငါးနှစ်မှ အများဆုံးခုနစ်နှစ်အထိ" ဟု ပြင်ဆင်အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ ပါ "ထောင်ဒဏ်ငါးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" ဆိုသည့် စကားရပ်အစား "ငွေဒဏ် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်" ဟု ပြင်ဆင်ထားသည်။

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၅ ပါ "ထောင်ဒဏ်သုံးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" ဆိုသည့် စကားရပ်အစား "ငွေဒဏ်ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀ အထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ချမှတ်ရမည်" ဟု ပြင်ဆင်ထားသည်။

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၆ ပါ "ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်" ဆိုသည့် စကားရပ်အစား "ငွေဒဏ်ကျပ် တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်သုံးလအထိ ချမှတ်ရမည်" ဟု ပြင်ဆင်ထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "ဒီဥပဒေကို ပြင်ဆင်ပြီး တင်ရတဲ့ ရည်ရွယ်ချက်က ဒီဥပဒေက နိုင်ငံရေး သဘောကွဲတဲ့ ပညာရှင်တွေကို ထောင်ထဲပို့တဲ့ ဥပဒေ ဖြစ်နေတယ်။ ဒါ့ကြောင့် ဒီဥပဒေကို အရင်ဆုံး ပယ်ဖျက်ဖို့ တင်တယ်။ ပယ်ဖျက်လို့ မရတော့ ပြင်ဆင်ခဲ့တာပါ။ ပညာရှင်တွေကို ကာကွယ်ဖို့ နည်းပညာကို နိုင်ငံရေးအရ အသုံးမချဖို့ တင်တာပါ" ဟု ပြောကြားသည်။


Eleven Media Group