ယခုပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည့် မြန်မာ့သတင်း အချက်အလက် နည်းပညာ တက္ကသိုလ်၏ ကျောင်းဝင်ခွင့် လျှောက်လွှာများ နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ခေါ်ယူသွားမည် - Eleven Media Group

ပို့စ်တင်ချိန် - 10/18/2013 07:22:00 PM




မြန်မာ-အိန္ဒိယ ပူးပေါင်း၍ ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည့် မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်၏ ကျောင်းဝင်ခွင့် လျှောက်လွှာများအား နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်သို့ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ အနိမ့်ဆုံး ရမှတ် ၄၈၀ မှတ်နှင့်အထက် ရှိသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ၀င်ခွင့်လျှောက်လွှာတွင် ထည့်သွင်း ဖော်ပြသွားမည် ဖြစ်သည်။

''ကျောင်းဝင်ခွင့်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေကိုတော့ ၀င်ခွင့်ခေါ်ယူတဲ့ အခါမှာ ထည့်သွင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်'' ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ အဆင့်မြင့် နည်းပညာ ကဏ္ဍတွင် အိန္ဒိယနိုင်ငံ တက္ကသိုလ်များရှိ ပါမောက္ခ၊ ဆရာ၊ ဆရာမများက အဆင့်မြင့် ဘွဲ့လွန်နည်းပညာရပ်များ၊ သက်ဆိုင်ရာဘွဲ့ အသီးသီးအလိုက် နည်းပညာဆိုင်ရာ သင်တန်းများအား မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ် (MIIT) တွင် သင်ကြားရေး ဆရာများအဖြစ် ပို့ချသင်ကြားသွားမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ အိန္ဒိယ-မြန်မာ တက္ကသိုလ်အကြား အဆင့်မြင့် ဘွဲ့လွန်ဒီပလိုမာပညာ သင်တန်းများ၊ သက်ဆိုင်ရာဘွဲ့ ပေးအပ်မည့် သင်တန်းများ ဖွင့်လှစ်ရေး၊ တက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန် စေလွှတ်ရေးနှင့် နှစ်နိုင်ငံ ဘွဲ့ချီးမြှင့်မည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး အိန္ဒိယ တက္ကသိုလ်မှ သင်ကြားရေးဆရာ၊ ဆရာမများ ခြောက်ဆယ်ကျော်က သင်ကြားပို့ချ ပေးမည်ဖြစ်သည်။

''အိန္ဒိယက ဆရာ၊ ဆရာမ ၆၀ ကျော်က နည်းပညာနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပို့ချသွားမယ်။ နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ သက်ဆိုင်ရာဘွဲ့ ပေးအပ်မှာ ဖြစ်ပါတယ်'' ဟု သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောကြားသည်။

ယင်းသတင်း အချက်အလက် နည်းပညာ တက္ကသိုလ်အား အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့ Indian Institute of Information Technology(Bangalore) တို့၏ ပံ့ပိုးကူညီမှုဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်ရှိ ဧက ၂၀ ကျယ်ဝန်းသော လေယာဉ်ကွင်းဟောင်း မြေနေရာတွင်၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်၍ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး နည်းပညာ တက္ကသိုလ် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် အချိန်တွင် အဆိုပါ တက္ကသိုလ်၌ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား (COE) အဆင့်မြှင့်တင်ထားသည့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွင် ယာယီတက်ရောက်သင်ကြားနေကြောင်း သိရသည်။

ယင်းသတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ်အား နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်၍ အဆင့်မီ တက္ကသိုလ်ဖြစ်ရန် Commerence and E-goverment Communication၊ English and Soft Skills Centre၊ Network Management Centre for Communication Learning Management စသည့် ဌာနများဖြင့် ဖွဲ့စည်းပြီး Bachelor of Technology(B.Tech) (သို့မဟုတ်) Bachelor of Engineering(B.E) ဘွဲ့များအား အပ်နှင်းသွားမည် ဖြစ်သည်။

(မြန်မာ့သတင်း အချက်အလက်နှင့် နည်းပညာ တက္ကသိုလ် ကျောင်းသားများအား ယာယီ သင်ကြားပေးမည့် မန္တလေး ကွန်ပျူတာ တက္ကသိုလ်အား တွေ့ရစဉ်)