ပြည်တွင်း အလုပ်အကိုင် နည်းပါး၍ ပြည်ပနိုင်ငံများသို့ တရားမ၀င် သွားရောက်သော မြန်မာအလုပ်သမားများ ပြဿနာ ပေါင်းစုံနှင့် ရင်ဆိုင်နေရ - Eleven Media Group

ပို့စ်တင်ချိန် - 10/19/2013 11:28:00 AM




မြန်မာနိုင်ငံရှိ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုများကြောင့် ထွက်ပေါက်အဖြစ် ပြည်ပနိုင်ငံများသို့ နည်းမျိုးစုံဖြင့် တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် နေကြသည့် အလုပ်သမားများသည် ပြဿနာ ပေါင်းစုံနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း အလုပ်သမား ၀န်ကြီးဌာန အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ရွှေ့ပြောင်းရေးရာနှင့် မီဒီယာများ၏ အခန်းကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။

''ပြည်တွင်း အလုပ်အကိုင် အခွင့်လမ်း နည်းပါးမှု ထွက်ပေါက်က ပြည်ပနိုင်ငံတွေ ဖြစ်နေပြီး မသိနားမလည်ဘဲ သွားရောက် လုပ်ကိုင်မှုတွေကြောင့် အလုပ်သမားတွေဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။ အခုပြည်ပကို ထွက်နေတဲ့ အလုပ်သမားတွေက ဘာမှမသိဘူး။ ဘာသာစကား ဆိုလည်း မတတ်ဘူး။ သွားမယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း မသိဘူး။ ကိုယ်ရဲ့ ရပိုင်ခွင့် အခွင့်အရေး တွေကိုလည်း မသိကြဘူး။ အခုအချိန်အထိ အဆက်အသွယ်တွေ၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် မသိနားမလည်ဘဲ သွားနေကြတုန်းပဲ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အောက်ရှိ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က ပြောကြားသည်။

ယင်းကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် တရားမ၀င် သွားရောက် မှုများကြောင့် လူကုန်ကူးခံရခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ ပွဲစားများ၏ လိမ်လည်မှုကို ခံရခြင်းနှင့် အတင်းအဓမ္မ ခိုင်းစေခံရခြင်း စသည့်တို့ကို ကြုံတွေ့နေရသည်။

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာ စေရန်အတွက် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံး ၇၇ ရုံးကို ဖွင့်လှစ်ထားပြီး အွန်လိုင်းစနစ်ဖြင့် လုပ်ဆောင်ပေးလျက် ရှိကြောင်း၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် အလုပ်အကိုင် အခွင့်လမ်း ပြပွဲများ ကျင်းပပေးကာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီပေးလျက် ရှိကြောင်းနှင့် ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများကို လုပ်ကိုင်ခွင့်လိုင်စင် ချပေးထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများသည် တရားဝင် သွားရောက် လုပ်ကိုင်ခွင့် ပြုထားသည့် ထိုင်း၊ မလေးရှား စသည့် အာဆီယံ ဒေသတွင်း နိုင်ငံများတွင် သာမက သွားရောက် အလုပ်လုပ်ကိုင်ခွင့် မပြုထားသည့် အရှေ့ အလယ်ပိုင်းဒေသနှင့် အာရပ်စော်ဘွားများ နိုင်ငံများတွင်လည်း တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင် နေကြကြောင်း ထုတ်ပြန်ထားသည်။

(မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားများအား ဇွန်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်))