သီလဝါ စီမံကိန်းဆိုင်ရာ JICA လမ်းညွှန်ချက် မြန်မာအစိုးရ ချိုးဖောက်ဟုဆို

ပို့စ်တင်ချိန် - 10/11/2013 03:45:00 PM


ရန်ကုန်၊ အောက်တိုဘာ ၁၀

ဂျပန်နိုင်ငံမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သီလဝါ အထူးစီးပွားရေးဇုန် (SEZ) နှင့် ပတ်သက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) က ချမှတ်ထားသည့် လမ်းညွှန်ချက်များကို မြန်မာအစိုးရဘက်မှ တာဝန်ရှိသူများ ချိုးဖောက်လျက် ရှိနေကြောင်း သီလဝါ အထူးစီးပွားရေးဇုန် ဒေသခံများက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ သီလဝါ အထူးစီးပွားရေး စီမံကိန်း ဧရိယာမြေတွင် နေထိုင်သည့် ဒေသခံ ရွာသူရွာသားများအတွက် နစ်နာကြေး ပေးလျော်ရာတွင် ညှိနှိုင်းဆွေးနွေးမှု မရှိသည့်အပြင် ပြန်လည် နေရာချထား ပေးမည့်အရေးနှင့် ပတ်သက်၍ ဒေသခံများသို့ တိုက်ရိုက် အကြောင်းကြားမှုလည်း မရှိကြောင်း ရန်ကုန်မြို့တော်ရှိ မြန်မာ ဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းဒေသခံများက ပြောကြားသည်။

ယင်းအပြင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကိုယ်စားလှယ်များ တွေ့ဆုံစဉ်တွင် မြေယာလျော်ကြေး တောင်းဆိုပါက တရားရုံးတွင် တရားရင်ဆိုင်ရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆို ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ယင်းအထူးစီးပွားရေးဇုန် ရှိ ကျေးရွာများမှ ဒေသခံများ၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးမြလှိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“လျော်ကြေးပေးတာ၊ ပြောင်းရွှေ့တာတွေမှာ ဒေသခံတွေ သဘောတူရမယ်။ ပြန်လည် နေရာချထားပေးတဲ့ အခါမှာလည်း ပြောင်းရွှေ့ရမယ့် နေရာကို ဒေသခံတွေ ကိုယ်တိုင် ရွေးချယ်ခွင့် ရှိတယ်လို့ JICA ရဲ့ လမ်းညွှန်ချက်မှာ ဖော်ပြ ထားတယ်၊။ အခုက သူတို့ပေးတဲ့နေရာက မြက်တောတွေ၊ ချိုင့်တွေနဲ့။ ဝေးလည်းဝေးတယ်” ဟု ၎င်းက ဆိုသည်။

စီမံကိန်း ဧရိယာတွင် ပါဝင်သည့် မြေနေရာနှင့် အဆောက်အအုံများကို စာရင်းကောက်ယူရာတွင် မှန်ကန်တိကျမှု မရှိခြင်း၊ လက်ရှိဖြစ်ပွားဆဲ မြေယာ ပြဿနာများကို ဖြေရှင်းပေးမှု မရှိခြင်းနှင့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းများမှာလည်း JICA ၏ လမ်းညွှန်ချက်နှင့် မညီကြောင်း ဒေသခံများက ပြောဆိုသည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် သူများအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက် ပေးထားကြောင်း၊ မည်သည့် ခြိမ်းခြောက်မှုမျှ မလုပ်ကြောင်း၊ စာချုပ်တွင် သုံးနှစ်စာ သီးနှံလျော်ကြေး ပေးဆောင်ရန် ပါဝင်သော်လည်း ခြောက်နှစ်စာအထိ ပေးထားကြောင်း၊ ရွှေ့ပြောင်းခံ မိသားစုဝင် အားလုံးအတွက် အလုပ်အကိုင်များ ဖန်တီးပေးမည် ဖြစ်ကြောင်း၊ နေအိမ် မြေနေရာနှင့် အိမ်တန်ဖိုး ၂၅ သိန်းကိုလည်းပေးမည် ဖြစ်ကြောင်း၊ ယခု ပြောင်းရွှေ့ရမည့် နေရာသည် ရန်ကုန်- ကျောက်တန်း လမ်းမကြီးဘေးတွင် ရှိသဖြင့် အဆင်ပြေနိုင်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။
“သူတို့ကို ရွေးချယ်ခွင့် နှစ်ခုပေးပါတယ်။ မြေယာ ပိုင်ဆိုင်ကြောင်း အငြင်းပွားမလား ဒါမှမဟုတ်ရင် ပိုင်ဆိုင်ကြောင်း အငြင်းမပွားဘဲနဲ့ လျော်ကြေး ယူမလားဆိုပြီး ပြောတာပါ။ ပထမတစ်ခုကို ရွေးမယ် ဆိုရင် မြေယာ ပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့တကွ သက်သေ ပြရတော့မယ်။ ဒါဆိုရင် တရားရုံးကို မဖြစ်မနေရောက်မယ် ဒီလို ဆိုလိုတာပါ” ဟု ၎င်းက ဖြေရှင်းသည်။

အဆိုပါ အစိုးရ တာဝန်ရှိသူများက JICA ၏ ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန် ပျက်ကွက်သည်နှင့် ပတ်သက်၍ အောက်တိုဘာလထဲတွင် JICA နှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဒေသခံ ကိုယ်စားလှယ်များထံမှ စုံစမ်းသိရရှိရသည်။

သီလဝါ အထူးစီးပွားရေးဇုန်သည် JICA ၏ ငွေကြေး ထောက်ပံ့မှုနှင့်အတူ မစ်ဆူဘီရှီ၊ မာရူဘဲနီနှင့် ဆူမီတိုမို စသည့် ဂျပန်နိုင်ငံ၏ နာမည်ကြီး ကုမ္ပဏီများ၏ ဦးဆောင်မှုဖြင့် ဟက်တာ ၂၄၀၀ ကျယ်ဝန်းသည့် စီးပွားရေးဇုန် တစ်ခုဖြစ်ပြီး၊ ယင်းဒေသတွင် နေထိုင်သည့် ကျေးရွာခြောက်ရွာမှ အိမ်ထောင်စု တစ်ထောင်ကျော်ကို ပြန်လည် နေရာချထားပေးရမည့် စီမံကိန်းဖြစ်သည်။

(အောင်မျိုးထက်)
The Voice Weekly