JICA အဖွဲ့၏ ပံ့ပိုးမှုဖြင့် ဧရာဝတီနှင့် ချင်းတွင်းမြစ်တစ်လျှောက် အဆင့်မြင့် ဆိပ်ကမ်းခြောက်ခု တည်ဆောက်သွားမည်

ပို့စ်တင်ချိန် - 10/28/2013 04:52:00 PM


ပို့ဆောင်ရေး ဦးစီးဌာနမှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ ဂျပန်နိုင်ငံ (JICA)အဖွဲ့၏ အကူအညီဖြင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်တွင် အဆင့်မြင့် ဆိပ်ကမ်းခြောက်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့် ဆိပ်ကမ်းများကို ဧရာဝတီမြစ်ပေါ်၌ ဗန်းမော်ဆိပ်ကမ်း၊ မန္တလေးဆိပ်ကမ်း၊ ပခုက္ကူဆိပ်ကမ်းနှင့် မကွေးဆိပ်ကမ်း နေရာများတွင် အဆင့်မြင့်ဆိပ်ကမ်းများ တည်ဆောက်သွားမည်ဖြစ်ပြီး ချင်းတွင်းမြစ်ပေါ်တွင် မုံရွာဆိပ်ကမ်းနှင့် ကလေးဝ နေရာများတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ မန္တလေးဆိပ်ကမ်းနှင့် ရှမ်းလေးကျွန်းရွာအကြားတွင် အလျားပေ ၁၀၀၀၊ အကျယ် ပေ ၃၆ ပေရှိ အဆင့်မြင့် ဆိပ်ခံတံတား တည်ဆောက်သွားမည်ဖြစ်ရာ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲကို အောက်တိုဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည်။

"မန္တလေး အဆင့်မြင့်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အသင့်လျော်ဆုံး နေရာအဖြစ် ရွှေလှံဘိုကျောင်းအောက်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာ တည်ဆောက်ဖို့ လျာထားတဲ့အတွက် လျာထားဧရိယာ အတွင်းမှာရှိတဲ့ ဒေသခံတွေကို အသိပေး တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။ စီမံကိန်းကို ၂၀၁၅ ခုနှစ်လောက်မှ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားခဲ့သည်။

မန္တလေးဆိပ်ကမ်း ဧရိယာမှာ View Point မှ ချော်ဆိပ်ဘုရားအထိ ၁၄၈၉၀ ပေ အရှည်ရှိပြီး ဆိပ်ကမ်းတစ်လျှောက်၌ နိုင်ငံခြားသား အပျော်စီး သင်္ဘောများအတွက် ဆိပ်ကမ်းနေရာ ၁၀ ခု၊ ကူးတို့ဆိပ်ကမ်း နှစ်ခု၊ လိုင်းတိုလေးခု၊ လိုင်းရှည် ၁၄ ခု၊ ဌာနဆိုင်ရာ ဆိပ်ကမ်းနေရာ ခုနစ်နေရာနှင့် ပစ္စည်းစုပုံခွင့်နေရာ ၃၅ နေရာတို့ရှိပြီး အများပြည်သူ သင်္ဘောများ ၀င်ရောက်ဆိုက်ကပ် အသုံးပြုနိုင်သည့် အဆင့်မြင့်ဆိပ်ကမ်း မရှိခြင်းကြောင့် အများပြည်သူသုံး (ဘုံသုံး) ဆိပ်ကမ်းအား မြေဧက ၃၂ ဧကခန့် အသုံးပြု တည်ဆောက်သွားရန် ဆောင်ရွက်ထားကြောင်း သိရသည်။
Eleven Media Group