မုံရွာမြို့ အဝေးပြေးကားလေးဝင်းတွင် ဗုံးလန့်မှုဖြစ်ပွား - Mizzima - News in Burmese

ပို့စ်တင်ချိန် - 10/19/2013 06:57:00 PM




ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အဝေးပြေးကားအသင်းစုဝေးရာ ကားလေးဝင်းတွင် ရန်ကုန်မှတင်ပို့ပေးလိုက်သော ပါဆယ်အိတ်တစ်လုံးအား သက်ဆိုင်ရာမှ မသင်္ကာ၍ စစ်ဆေးရာမှစကာ အောက်တိုဘာလ ၁၈ရက် နံနက် ၉နာရီက ဗုံးလန့်မှုဖြစ်ပွားခဲ့သည်ဟု ဗုံးရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ပါဆယ်အိတ်သည် Myanmar Mobile အမှတ်တံဆိပ် အပြာရောင်စာတမ်းပါ လက်ဆွဲစက္ကူအိတ်ဖြစ်ပြီး အိတ်ပေါ်တွင် "ဗိုလ်ချုပ်စိုးလွင် (တိုင်းမှူး) မုံရွာမြို့"ဟု ရေးထားပြီး ရန်ကုန်မှ မုံရွာသို့ စိန်ဌေးလှိုင် ခရီးသည်တင်ယာဉ်ဖြင့် တင်ပို့လိုက်ခြင်းဖြစ်သည်။ ထိုအိတ်ပေါ်တွင် ပေးပို့မည့်နာမည်ပါသော်လည်း လိပ်စာရေးသားထားခြင်းမရှိသောကြောင့် သက်ဆိုင်ရာမှ မသင်္ကာသဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့ အမှတ်(၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးချစ်ဆွေနှင့်အဖွဲ့သည် ထိုမသင်္ကာဖွယ် စက္ကူအိတ်အား သီးခြားသတင်းအတည်ပြုရန် သက်ဆိုင်ရာစစ်ဘက်ရေးရာဌာနသို့ ယူဆောင်စစ်ဆေးရာ အိတ်အတွင်း၌ ဂေါက်သီးများ ထည့်ထားခြင်းသာဖြစ်ပြီး စိုးရိမ်ဖွယ်မရှိကြောင်း ယင်းအင်ဂျင်နီယာတပ်က ပြောကြားခဲ့သည်။

ယင်းမသင်္ကာဖွယ် ပါဆယ်အိတ်တစ်လုံးအား တိုင်းဒေသကြီး အရေးကြီးစာပို့ တာဝန်ထမ်းဆောင်နေသူ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့(မုံရွာ) တပ်ဖွဲ့ခွဲမှ ယာဉ်ထိန်းရဲတပ်ကြပ် မြသိန်းထိုက်က တာဝန်အရ ပေးပို့စာများနှင့် ပါဆယ်ပစ္စည်းများကို ကားဂိတ်တွင် သွားရောက်ယူဆောင်ခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ ဒီရက်ပိုင်းအတွင်းမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်စုံတစ်ခုကို တွေ့ရှိရတယ်ဆိုရင် သက်ဆိုင်ရာကို ဖုန်းဆက်အကြောင်းကြားပါဆိုလို့ လုံခြုံရေသတိအရ အခုလိုဖုန်းဆက်လိုက်ရတာဖြစ်ပါတယ်"ဟု ယာဉ်ထိန်းရဲတပ်ကြပ် မြသိန်းထိုက်က ပြောသည်။

အောက်တိုဘာလ ၁၁ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုများသည် အောက်တိုဘာလ ၁၁ရက်နေ့တွင် တောင်ငူမြို့၌ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုလထဲတွင်ပင် ၁၃ရက်နေ့၌ ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ်တိုင်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်ပင် သာကေတမြို့နယ်၊ မာန်ပြေမှတ်တိုင်အနီးတွင် ထပ်မံပေါက်ကွဲခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၄ရက်ကလည်း ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Westren Park 2 နှင့် မန္တလေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ခြင်း၊ ဗုံးလန့်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၄ရက် ညပိုင်းက ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်တွင် လူနေခန်းထဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး အမေရိကန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၅ရက်တွင် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်ဘုရား ကားပါကင်နေရာနှင့် ရွှေပြည့်စုံဟိုတယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့သေးသည်။ ထိုသို့ဗုံးပေါက်ကွဲမှုများအပြီး စစ်ကိုင်းတိုင်းတွင် အရပ်ဝတ်ရဲများအား လူစည်ကားရာနေရာများနှင့် မြို့အဝင်အထွက်နေရာများတွင် လုံခြုံရေးများ ချထားခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၆ရက်နှင့် ၁၇ရက်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံးဆက်ပေါက်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။