သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ကွယ်လွန် - RFA Burmese

ပို့စ်တင်ချိန် - 10/18/2013 07:17:00 PM




သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း အသက် ၉၂ နှစ်ဟာ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မဟာမြိုင်ဆေးရုံမှာ ဒီနေ့ နေ့လည်ပိုင်းက ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း ကွယ်လွန်သွားကြောင်းကို သမီးဖြစ်သူ ဒေါ်အေးအေးဝင်းက အခုလိုပြောပါတယ်။

“အဖေကတော့ ၂ နာရီ ၂၂ မိနစ်ပေါ့၊ ဒီနေ့ ကြာသပတေးနေ့မှာ မဟာမြိုင်ဆေးရုံမှာပဲ ဆုံးသွားပါတယ်၊ ပြောရရင်တော့ လူကြီးရောဂါပေါ့၊ အရမ်းဖျားလာတာကနေ ဆေးရုံတင်တယ်၊ နောက်ကျတော့ ကျောက်ကပ်ပျက်သွားတယ်လို့လဲ ပြောပါတယ်”

သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းကို ၁၉၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာ မွေးဖွားခဲ့တာပါ။ သူဟာ ၁၉၄၂ ခုနှစ်ကတည်းက သတင်းစာဆရာအဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး ဂျပန်ခေတ်၊ ကိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်ကနေ စစ်အစိုးရ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးတဲ့ သတင်းစာဆရာတစ်ဦး ဖြစ်ပါတယ်။ ဦးစိန်ဝင်းဟာ ၁၉၅၈ ခုနှစ်မှာ ဂါးဒီးယန်း သတင်းစာတိုက်ကို ထူထောင်ခဲ့ပြီး၊ ၁၉၆၃ ခုနှစ်အထိ Guardian ဂါးဒီးယန်းသတင်းစာ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သူဟာ သတင်းစာလွတ်လပ်ခွင့်အတွက် အမြဲတမ်းတိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်တာကြောင့် သူကွယ်လွန်သွားတာဟာ သတင်းစာလောကအတွက် စံနမူနာထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဆုံးရှုံးလိုက်ရသလိုပဲလို့ ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ပြောပါတယ်။

“ဦးစိန်ဝင်းဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ သတင်းစာသမားတွေရဲ့ စည်းလုံးညီညွှတ်မှုနဲ့ သတင်းစာလွတ်လပ်ခွင့်ကို တိုက်ပွဲဝင်ရမယ်ဆိုတာကို အမြဲတမ်းစိတ်ထားရှိတဲ့ပုဂ္ဂိုလ်၊ အဲဒါကြောင့်သူဟာ သတင်းစာဆရာအသင်း ဥက္ကဌတွေလုပ်ခဲ့တယ်၊ နောက်တခါ စာနယ်ဇင်းကောင်စီရဲ့ အတွင်းရေးမှူးတွေလုပ်ခဲ့တယ်၊ အဲဒီကာလတစ်လျှောက်လုံး ကျနော်သူနဲ့တွဲပြီး လုပ်ခဲ့ဖူးတဲ့အတွက် ဦးစိန်ဝင်းရဲ့ အလွန်ထက်သန်တဲ့ သတင်းစာလွတ်လပ်ခွင့် တိုက်ပွဲဝင်မှုတွေကို ကျနော်အခုထိအမှတ်ရနေတယ်၊ ဦးစိန်ဝင်း အခုလိုကွန်လွယ်သွားတဲ့အခါမှာ သတင်းစာလောကရဲ့ အလွန်အရေးကြီးတဲ့ အင်အားကြီးတစ်ခုပေါ့ဗျာ၊ စံနမူနာထားရတဲ့ပုဂ္ဂိုလ်တစ်ဦး၊ သတင်းစာလွတ်လပ်ခွင့် တိုက်ပွဲဝင်တဲ့ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်”

ဦးစိန်ဝင်းရဲ့ ဂါးဒီးယန်းသတင်းစာဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဦးနေ၀င်း အာဏာသိမ်းပြီးတဲ့နောက်မှာ တခြားပုဂ္ဂလိက သတင်းစာများနည်းတူ ပိတ်ပင်ခံခဲ့ရပါတယ်။

ဆရာဦးစိန်ဝင်းဟာ ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရလက်ထက်မှာပဲ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ နဲ့ ၁၉၆၅ ကနေ ၁၉၆၈ ခုနှစ်အထိ ၃ နှစ်ကျော် ထောင်ချခြင်းခံခဲ့ရပါတယ်။

၁၉၆၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ သတင်းစာထုတ်ဝေသူများအဖွဲ့ချုပ်က ဦးစိန်ဝင်းကို သတင်းစာလွတ်လပ်ခွင့် ကြိုးပမ်းသူအဖြစ် ရွှေကလောင်ဆု ချီးမြှင့်ခဲ့ပါတယ်။ ဆရာကြီးဦးစိန်ဝင်းဟာ အေပီနဲ့ ကျိုဒိုသတင်းဌာနတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။