SEA Games တွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်သည့် မြင်းစီး ကစားသမားများကို ကျပ်သိန်းတစ်ရာစီ ချီးမြှင့်မည်

ပို့စ်တင်ချိန် - 10/26/2013 06:14:00 PM


ရန်ကုန်၊ အောက်တိုဘာ ၂၅

မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပွဲတော်တွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် မြင်းစီး အားကစားသမားများမှ ရွှေတံဆိပ် ဆွတ်ခူးနိုင်သူများကို အနည်းဆုံး ကျပ်သိန်းတစ်ရာစီ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပြောကြားသည်။

နေပြည်တော် ဝဏ္ဏသိဒ္ဓိ မြင်းစီး အားကစားကွင်းတွင် မြင်းအလှစီး ပြိုင်ပွဲ၊ တန်းကျော်မြင်းစီး၊ တာဝေး မြင်းစီးပြိုင်ပွဲများ ကျင်းပမည် ဖြစ်ပြီး အုပ်စုလိုက်နှင့် တစ်ဦးချင်းဆုများအဖြစ် စုစုပေါင်း ရွှေတံဆိပ်ခြောက်ခု၊ ငွေတံဆိပ်ခြောက်ခု၊ ကြေး တံဆိပ်ခြောက်ခု ပေးအပ်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်အနေဖြင့် အနည်းဆုံး ရွှေတံဆိပ်နှစ်ခု ရရှိရန် မျှော်မှန်းပြီး တာဝေး မြင်းစီး အားကစားနည်းတွင် နိုင်ငံရေမြေ သဘာဝ အသာစီး ရခြင်းကြောင့် ရွှေတံဆိပ် မှန်းကြောင်း၊ တန်းကျော် ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆု ရနိုင်ကြောင်း ၎င်းကရှင်းပြသည်။

မြင်းစီး အားကစားနည်းကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး အားကစားပွဲတော် ဖွင့်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်သောကြောင့် ဖွင့်ပွဲမတိုင်မီ ရွှေတံဆိပ်ဆု ရယူပြီး ဖွင့်ပွဲအခမ်းအနားတွင် လွှင့်တင်ပေးမည့် ရွှေပထမဆုံး ရရှိသော နိုင်ငံအလံနေရာတွင် မြန်မာနိုင်ငံအလံ ဖြစ်စေရန် ကြိုးပမ်းနေကြောင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။
The Voice Weekly