ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ပေါက်ကွဲဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ် - Yangon Police

ပို့စ်တင်ချိန် - 10/18/2013 07:10:00 PM



၁၈.၁၀.၂၀၁၃ရက်နေ့ ၁၅၀၀အချိန် မှ ၁၆၂၀ အချိန်ထိ ရန်ကုန်တိုင်း
ဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်၊ အလုံလမ်းနှင့်
ပြည်လမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအချို့တွင် ဗုံးပေါက်ကွဲဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးစိန်တင်ဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်
ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းနှင့် တိုင်းဒေသကြီး ၀န်ကြီးများ၊
ရဲမှူးချုပ် ၀င်းနိုင်ထွန်း(လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး)၊ ရဲမှူးချုပ် အောင်ဝင်းဦး(မှုခင်းရဲတပ်ဖွဲ့မှူး)၊ ရဲမှူးချုပ် စိုးမြိုင် (ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှူး)၊ ရဲမှူးချုပ် သူရဘိုနီ(အမှတ်-၂ ရကဖမှူး)၊ ရဲမှူးကြီး ၀င်းနိုင်
(ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး)၊ ရဲမှူးကြီး ကျော်ဝင်းသိန်း
(နိုင်ငံဖြတ်ကျော်မှုခင်းဌာန)၊ ရဲမှူးကြီး မျိုးဆွေဝင်း(မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး)၊ ဒုရဲမှူးကြီး စိုင်းဝင်းအေး (ရန်ကုန်တိုင်းဒေသကြီးဒုတိုင်းရဲတပ်ဖွဲ့မှူး)နှင့် ရန်ကုန်မြို့အခြေစိုက် သံရုံးသံတမန်များ၊ ကုလသမဂ္ဂ
လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအ၀င် (၈၀)ဦးခန့်၊ ပြည်တွင်း/ပြည်ပသတင်းထောက်များဖြစ်သော စိုးသန်းဝင်း(AFP)၊ အေးအေးဝင်း(AP) ၊ဦးကျော်ဇေယျာဝင်း(DVB)၊
ကျော်မြတ်စံ(ရန်ကုန်တိုင်းမ်)၊ မိုးစက်(ကုမုဒြာ)၊ ဦးနေလင်း(MRTV-4) တို့အပါအ၀င်(၁၇၀)ဦးခန့်၊ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားပြီး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းမှ ပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းပြောကြားကာ တက်ရောက်လာသော သတင်းထောက်များ၏ မေးမြန်းမှုများအား တာဝန်ရှိသူများမှ
ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။