6P စီမံချက်ပြီးဆုံးရန် ခြောက်ရက်အလိုတွင် မြန်မာ ၅၀ ခန့် ထပ်မံအဖမ်းခံရ

ပို့စ်တင်ချိန် - 11/26/2013 09:19:00 AM


မလေးရှားနိုင်ငံတွင် တရားမ၀င်နိုင်ငံခြားသားများကို 6P စီမံချက်ဖြင့် ဖမ်းဆီးမည့်ကာလ ကုန်ဆုံးရန် ခြောက်ရက်အလို နိုဝင်ဘာ ၂၄ ရက်က မလေးရှားရဲများ ၀င်ရောက်ဖမ်းဆီးခဲ့ရာ တရားမ၀င် မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၄ ရက်က မလေးရှားရဲတပ်ဖွဲ့၊ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေး စသည်တို့က ကွာလာလမ်ပူမြို့တွင်ရှိသော မြန်မာဆိုင်များရှိရာနေရာများကို မှတ်တမ်းဖြင့် အတိအကျ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မလေးရှား နိုင်ငံရောက် မြန်မာများကပြောသည်။ ထိုသို့ ဖမ်းဆီးရာတွင် အထောက်အထားမရှိသူများကို ကားများဖြင့်  ခေါ်ဆောင်သွားရာ ယင်းနေ့ နံနက်က ကားနှစ်စီးအပြည့် တင်ဆောင်သွားကြောင်း သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် 6P စီမံချက်ဖြင့် တရားမ၀င် နိုင်ငံခြားသားများ ဖမ်းဆီးမှုမှာ ယခု နိုဝင်ဘာ ၃၀ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

““မြန်မာဆိုင်တွေရှိတဲ့နေရာတွေမှာ ကားတွေရပ်ပြီးဖမ်းတာ။ ထူးခြားတာက မြန်မာဆိုင်တွေကို စာရင်းနဲ့ကို ၀င်ပြီးတော့စစ်ဆေးတာ။ အထောက်အထားမပြနိုင်ရင် ဖမ်းသွားတာပဲ။ ဒီနေ့မနက်မှာကို မြန်မာတွေ ငါးဆယ်လောက်အဖမ်းခံရတယ်။  အလုပ်ရှင်တွေဆီက အထောက်အထားတွေ တောင်းထားသင့်ပါတယ်””ဟု မလေးရှားနိုင်ငံ ဧဒင်ဥယျာဉ်လူမှုကွန်ရက်မှ ကိုမျိုးကပြောသည်။

မလေးရှားနိုင်ငံအစိုးရက ၄င်းတို့နိုင်ငံတွင် တရားမ၀င်နေထိုင်သော နိုင်ငံသားများကို 6P စီမံချက်ဖြင့် ရဲတပ်ဖွဲ့၊ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေး စသည်တို့မှ အင်အား ၁၃၅၀၀ ဖြင့် စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက် အထိ သုံးလတိတိ ဖမ်းဆီးမည်ဟု တရားဝင်ကြေညာခဲ့သည်။

““ဒီရက်တွေမှာ မြန်မာတွေ ဂရုစိုက်ပြီး သွားလာသင့်တယ်။ ပတ်စ်ပို့စာအုပ်မရှိတဲ့သူတွေဆို လမ်းပေါ်မထွက်တာ အကောင်းဆုံးပါပဲ။ ဒီနေ့တော့ အဖမ်းတော်တော်ကြမ်းတယ်”” ဟု မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးညွန့်က ပြောသည်။

တရားမ၀င် နိုင်ငံသားများ ဖမ်းဆီးရာတွင် စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဖမ်းဆီးရမိသည့် အရေအတွက်မှာ ၈၁၀၅ ဦး ဖြစ်ပြီး ထိုအရေအတွက်ထဲမှ တရားမ၀င် စာရွက်စာတမ်းမပြည့်စုံဘဲ နေထိုင်သူ ၂၄၃၃ ဦး ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံသား ခြောက်ရာကျော် ပါဝင်ကြောင်း မလေးရှားအစိုးရက တရားဝင် ကြေညာထားသည်။

နောက်ပိုင်း ဖမ်းဆီးထားမှုစာရင်းကို ကြေညာထားခြင်းမရှိပေ။
ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် မလေးရှား နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်များ၊ အင်န်ဂျီအိုအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများက တရားမ၀င်နိုင်ငံသားများ ဖမ်းဆီးနေမှုကို ရပ်တန့်ရန် မလေးရှားအစိုးရအား ကန့်ကွက်ခဲ့ကြသည်။

ထိုကဲ့သို့ဖ မ်းဆီးမှုများပြုလုပ်နေချိန်ကာလတွင် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် သွားရောက်ကာ ဖမ်းဆီးခံရသူများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း သေချာပါက တရားဝင်နေထိုင်ခွင့်ရရှိအောင် ပြုလုပ်ပေးမည်ဟု ၀န်ကြီးကပြောဆိုထားသည်။

၂၀၁၁ ခုနှစ်က ပြုလုပ်ခဲ့သော 6P တွင် ပါဝင်ကာ စာရင်းသွင်းထားပြီး ပါမစ်မရှိသူများ၊ အထောက်အထားပြည့်စုံပြီး ပတ်စ်ပို့စာအုပ်မရှိသူများက အောက်တိုဘာ ၁၈ ရက်ကစပြီး မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသို့ လာရောက်စာရင်းသွင်းခဲ့ကြသည်။ ထိုသို့ပြုလုပ်ပေးရာတွင် ယခုပြုလုပ်သော 6P စီမံချက်တွင် ဖမ်းဆီးခံရသူများမပါဝင်ကြောင်း သတင်းရရှိသည်။

 7day Daily