ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၂၅) နှစ်ပြည့် အခမ်းအနားအား ကေအိုင်အိုဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ၌ ပြုလုပ်

ပို့စ်တင်ချိန် - 11/03/2013 09:56:00 AM

ABSDF ဖွဲ့စည်း တည်ထောင်ခြင်း (၂၅) နှစ်ပြည့် အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ကျင်းပနေသည့် မြင်ကွင်း (ဓာတ်ပုံ-အောင်ဇော်ထွန်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဖွဲ့စည်း တည်ထောင်ခြင်း (၂၅) နှစ်ပြည့် အခမ်းအနားကို နိုဝင်ဘာ ၁ ရက် နံနက်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နှင့် သုံးမိုင်အကွာတွင် တည်ရှိသော ABSDF အဖွဲ့ ဌာနချုပ် ဂျန်ထုန်-လခွမ်းဘွမ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ KIO မှ ပေးပို့သည့် သ၀ဏ်လွှာအား KIA တပ်မှ ဗိုလ်မှူးဇော်တောင်က ဖတ်ကြားပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့မှ ပေးပို့သည့် သ၀ဏ်လွှာများကို ABSDF အဖွဲ့ဝင်များက ဖတ်ကြားခဲ့သည်။ ABSDF အဖွဲ့သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် စတင်ပေါ်ပေါက်လာသည့် အဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံ၏ စစ်အာဏာရှင် စနစ်အား လက်နက်စွဲကိုင် တော်လှန်တိုက်ပွဲ ၀င်ခဲ့ကြောင်းနှင့် (၂၅) နှစ် တိုက်ပွဲကာလအတွင်း ကျဆုံးခဲ့သည့် ABSDF ရဲဘော် ၆၇၀ ကျဆုံးခဲ့သည်ဟု ABSDF အဖွဲ့ ဥက္ကဋ္ဌ ရဲဘော်သံခဲက အခမ်းအနားတွင် ပြောကြားသည်။

''စစ်အာဏာရှင် စနစ်ဆိုတာ ဘယ်ပြည်သူကိုမှ ကိုယ်စားမပြုဘူး။ စစ်အာဏာရှင် စနစ်ဆိုတာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပြုဘူး'' ဟု ရဲဘော်သံခဲက ပြောကြားသည်။ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ABSDF အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို သြဂုတ် ၁၀ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ဆွေးနွေးမှုကို ယခုလ (နိုဝင်ဘာလ) အတွင်း ပြုလုပ်ရန် သဘောတူညီ ခဲ့ကြသည်။

အပစ်အခတ် ရပ်စဲခြင်းသည် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပထမအဆင့် ဖြစ်သကဲ့သို့ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့် နိုင်ငံရေး ပြဿနာများ၊ အကျပ်အတည်းများကို ကျော်လွှားရန် မျှော်လင့်ထားသော်လည်း နိုင်ငံရေး၊ တော်လှန်ရေး အင်အားစုများ အနေဖြင့် ယနေ့တိုင် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအဖြေ ရှာနိုင်သည့် အခြေအနေ မရှိသေးသည်ကို သတိချပ်သင့်သည်ဟု ABSDF အဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၂၅) နှစ်ပြည့် အခမ်းအနား၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Eleven Media Group