၂၀၁၄ ခုနှစ်တွင် AIDS လူနာ ခုနစ်သောင်းခွဲကျော် ART ဆေးရမည်

ပို့စ်တင်ချိန် - 11/04/2013 06:42:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၃

ကမ္ဘာ့ရန်ပုံငွေ အဖွဲ့၏ ရန်ပုံငွေသစ် စီမံချက်ကြောင့် အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းက လာမည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း HIV/AIDS ဝေဒနာရှင် ၇၆,၆၆၈ ဦးထိ ART ဆေး တိုးမြှင့် ထောက်ပံ့သွားရန် ရှိကြောင်း အဆိုပါ စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ တိုးမြှင့် ထောက်ပံ့ပေးမည့် အစီအစဉ်ကြောင့် ART ဆေး လိုအပ်သူများ၏ ၆၁ ရာခိုင်နှုန်းခန့် ဆေးရရှိနိုင်တော့မည် ဖြစ်ပြီး ယခုနှစ်ထက် HIV/AIDS လူနာသစ် တစ်သောင်းကျော်ခန့် ART ဆေးတိုးရမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

ယင်းအပြင် HIV/AIDS လူနာများအတွက် ၂၀၁၃ ခုနှစ်က ART ဆေးပေးသည့် ပြည်သူ့ဆေးရုံနှင့် အဖွဲ့အစည်းပေါင်း ၃၀ ခုရှိရာမှ လာမည့် ၂၀၁၄ ခုနှစ်တွင် ၆၄ ခုထိ တိုးသွားရန် ရှိကြောင်း အဆိုပါ စီမံကိန်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ယခင်က တစ်နေ့လျှင် ပျမ်းမျှအားဖြင့် နှစ်ကြိမ် သောက်သုံးရသော d4T Based ဆေးဝါး များကို ထောက်ပံ့ရာမှ ၂၀၁၄ ခုနှစ်တွင် နေ့စဉ် တစ်ကြိမ်သာ သောက်သုံးရသည့် TDF Based ဆေးဝါးများ ပိုသုံးစွဲမည် ဖြစ်ကြောင်း ဒေါက်တာထွန်းညွန့်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံက HIV/AIDS ဝေဒနာရှင်များအတွက် ၂၀၁၃ ခုနှစ်က စတင်ကာ ကမ္ဘာ့ ရန်ပုံငွေအဖွဲ့နှင့် ထောင်စုနှစ် ရည်မှန်ချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) ကသုံးနှစ်စီမံကိန်းများ စတင်ပြုလုပ်လျက် ရှိကြောင်း၊ 3MDG က မူးယစ်ဆေး စွဲနေသူများကြား HIV ပိုးကူးစက်မှု လျော့ကျစေရေးနှင့် AIDS ဝေဒနာရှင်များအတွက် ART ဆေး ပံ့ပိုးရေးကို သီးသန့် လုပ်ဆောင်နေကြောင်း အဆိုပါ ရန်ပုံငွေ အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းများ ထောက်ပံ့ပေးနေသော HIV/AIDS ဝေဒနာရှင်များသည် ၂၀၁၂ ခုနှစ်တွင် ၅၃,၇၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၆၀,၆၁၈ ဦးတို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးရန် နှစ်စဉ် လိုအပ်သူ ဦးရေသည် ၁၂၅,၀၀၀ ဝန်းကျင် ရှိကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းအရ သိရသည်။
The Voice Weekly