အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံများက Apple ထုတ်ပစ္စည်း အသုံးပြုသူများ၏ သတင်းအချက်အလက် တောင်းခံ

ပို့စ်တင်ချိန် - 11/08/2013 09:39:00 AM


ဝါရှင်တန်၊ နိုဝင်ဘာ ၆

အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများက အိုင်တီ နည်းပညာကုမ္ပဏီ Apple ထံမှ ၎င်း ကုမ္ပဏီထုတ် ပစ္စည်းများကို အသုံးပြုသူများနှင့် ပတ်သက်သော သတင်း အချက်အလက်များကို တောင်းခံခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ တောင်းခံရာတွင် ခြောက်လအတွင်း အမေရိကန် အစိုးရက Apple ကုမ္ပဏီထုတ် ပစ္စည်းများကို အသုံးပြုသူ လူ ၁၀၀၀ မှ ၂၀၀၀ ထိရှိသော လူများ၏ သတင်း အချက်အလက်များကို တောင်းခံခဲ့ပြီး၊ သတင်း အချက်အလက် တောင်းခံသည့် အစိုးရများတွင် အများဆုံး ဖြစ်သည်။

အမေရိကန် အစိုးရက တောင်းခံသည့် Apple Account အသုံးပြုသူဦးရေ ၃၀၀၀ ခန့်လောက်တွင် ၁၀၀၀ ခန့်၏ သတင်း အချက်အလက်များကို ပေးခဲ့ကြောင်း Apple ကုမ္ပဏီက ပြောကြား သည်။

အမေရိကန် အစိုးရ၏ သတင်းအချက် တောင်းခံသူများမှာ ဓားပြမှု၊ ရာဇဝတ်မှုများနှင့် ပတ်သက်၍ လူပျောက်ရှာခြင်း အတွက် တောင်းခံခြင်း ဖြစ်ကြောင်း Apple က ပြောကြားသည်။

ကမ္ဘာတစ်ဝန်းရှိ အစိုးရများက Apple Account အသုံးပြုသူများ၏ iTune၊ iCloud များကို တောင်းခံလေ့ ရှိပြီး၊ တခါတစ်ရံတွင် ဓာတ်ပုံများ၊ အီးမေးလ်များကိုလည်း တောင်းဆိုလေ့ ရှိသည်။

Apple ကုမ္ပဏီ အကောင့်များနှင့် ပတ်သက်သော သတင်းအချက်အလက် တောင်းခံသည့် အစိုးရများတွင် အမေရိကန် ပြီးလျှင် ဗြိတိန်က ဒုတိယ အများဆုံး ဖြစ်ပြီး တောင်းဆိုသည့် အကောင့်အရေအတွက် ၁၂၇ ခု ရှိသည်။

ထို့ပြင် စပိန်၊ ဂျာမနီနှင့် သြစတြေးလျ နိုင်ငံတို့မှာလည်း သတင်း အချက်အလက် တောင်းဆိုမှု အများဆုံး ထိပ်ဆုံး ငါးနိုင်ငံ စာရင်းတွင် ပါဝင်သည်။

လောလောဆယ်တွင် အမေရိကန် အစိုးရက တောင်းခံခဲ့သော အကောင့်များနှင့် ပတ်သက်၍ ထုတ်ဖော် ပြောဆိုခြင်းကို အမေရိကန် အစိုးရက ခွင့်မပြုကြောင်း Apple ကုမ္ပဏီက ပြောကြားသည်။

အမေရိကန် အစိုးရက တောင်းခံခဲ့သော ကိစ္စနှင့် ပတ်သက်၍ ကမ္ဘာတွင် အသုံး အများဆုံးဖြစ်သော Google Facebook Microsoft တို့က လူအများကို ဖွင့်ချ အသိပေးရန် ယခုနှစ် အစောပိုင်းကလည်း အမေရိကန် အစိုးရကို တောင်းဆိုခဲ့ သော်လည်း အမေရိကန် အစိုးရက ခွင့်မပြုခဲ့ပေ။
The Voice Weekly