ပုဂ္ဂလိကဘဏ်များက ပြည်ပသို့ နိုင်ငံခြားငွေ လွှဲရာတွင် ငွေလွှဲခအပြင် တစ်ဒေါ်လာလျှင် ၁၅ ကျပ်ဝန်းကျင် အပိုဆောင်း စတင်ကောက်ခံနေပြီး နိုင်ငံတကာ ပေါက်ဈေးအတိုင်း မသတ်မှတ် နိုင်သေးသည့် မြန်မာနိုင်ငံ အနေအထားကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ နစ်နာနေ

ပို့စ်တင်ချိန် - 11/22/2013 11:08:00 AM


ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ပြည်ပသို့ နိုင်ငံခြားငွေ လွှဲပို့ရာတွင် ငွေလွှဲခအပြင် တစ်ဒေါ်လာလျှင် ၁၅ ကျပ်ဝန်းကျင် စတင်ကောက်ခံနေပြီး နိုင်ငံတကာ ပေါက်ဈေးအတိုင်း မသတ်မှတ် နိုင်သေးသည့် မြန်မာ့ငွေကြေးဈေးကွက် အနေအထားကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း နိုဝင်ဘာ ၂၁ ရက်က သတင်းရရှိသည်။

''ကျွန်တော်က ယူနိုက်တက် အမရဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်တွေနဲ့ ပို့ကုန်ရငွေတွေကို အပ်ထားပြီး အလုပ်လုပ်တယ်။ ကားတင်သွင်းမှု အတွက်လည်းပါတယ်။ အခုရက်ပိုင်းကျမှ ရုတ်တရက် နိုင်ငံခြားကို ပြည်တွင်း ဘဏ်တွေကနေ ငွေလွှဲတဲ့အခါမှာ တစ်ဒေါ်လာကို ၁၀ ကျပ်က နေ ၁၅ ကျပ် ၀န်းကျင်အထိ စတင်ကောက်ခံ လာတယ်။ ကျွန်တော်နားလည်တာက ကျွန်တော့်ငွေက ပို့ကုန်ရငွေပါပဲ။ ကျွန်တော် ဒေါ်လာ ၅၀၀၀ လွှဲရင် ပြည်ပကို ဒေါ်လာ ၅၀၀၀ ပဲရောက်တာပါ။ အခုတော့ ရုတ်တရက် ကြေညာမှုမရှိဘဲ ငါလုပ်ချင်သလို လုပ်လိုက်မယ် ဆိုတာမျိုး လုပ်ချလိုက်တယ်။ ကျွန်တော်တို့လို လုပ်ငန်းရှင်တွေ အတွက် အများကြီး နစ်နာပါတယ်'' ဟု မော်တော်ယာဉ်နှင့် သွင်းကုန် အမျိုးမျိုး တင်သွင်းသူ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ထိုသို့နိုင်ငံခြားသို့ လွှဲပို့ငွေအပေါ် ၁၀ ကျပ်အထက် ကောက်ခံနေသည့် ဘဏ်များမှာ ယူနိုက်တက်အမရဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်စသည့် ပုဂ္ဂလိကဘဏ်များ အပါအ၀င် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရ ဘဏ်အများစုက လုပ်ဆောင်နေကြောင်း သိရသည်။

''ဗဟိုဘဏ်ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာပါ'' ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန အကြံပေး-၂ နှင့် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ဆိုသည်။

ထိုသို့ ပုဂ္ဂလိကဘဏ်များတွင် ငွေလဲနှုန်း ကွာဟမှုအား အကြောင်းပြု၍ တစ်ဒေါ်လာလျှင် ၁၀ ကျပ်အထက် ကောက်ခံနေသော်လည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် စသည့် နိုင်ငံပိုင် ဘဏ်များတွင်မူ ပုဂ္ဂလိက ဘဏ်များကဲ့သို့ ကောက်ခံမှု မရှိကြောင်း လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရပြီး ပုဂ္ဂလိကဘဏ်များ အနေနှင့် ထိုသို့ငွေလွှဲခအပြင် အပိုဆောင်းငွေ ကောက်ခံခြင်းအား တရားဝင် ခွင့်ပြုချက်ရရှိမှု မရှိသေးကြောင်း သိရသည်။

''အရင်တုန်းက မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေဈေးကွက် ပေါက်ဈေးနဲ့ ပြည်ပရဲ့ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးက ကွာဟမှု မရှိပါဘူး။ အခုနောက်ပိုင်းမှာတော့ အရမ်းကွာဟနေတယ်။ အဲဒါကြောင့် နေ့စဉ် ကွာဟနေတဲ့ ငွေလဲနှုန်း အနေအထားအရ ကွာဟချက်ကို ကောက်ခံတာပါ'' ဟု ပုဂ္ဂလိက ဘဏ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားသည်။

ဘဏ်များနှင့် တရားဝင်ငွေ လဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း ငွေလဲနှုန်းကို အခြေခံ၍ လက်လီရောင်းဝယ်မှုများ အတွက် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်း၏ +၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း၊ AD လိုင်စင်ရဘဏ် များအကြား Interbank Market အတွင်း လက်ကား ရောင်းဝယ်မှုများ အတွက် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ ဗဟိုဘဏ် သတ်မှတ်ငွေအပေါ် တိုးမြှင့်ကောက်ခံမှု ရှိနေပြီး ဘဏ်အလိုက် ငွေကြေးသတ်မှတ်မှု မတူသော်လည်း လက်ရှိတွင် ငွေလွှဲခအပြင် နိုင်ငံခြားငွေ တစ်ဒေါ်လာ အပေါ် ၁၅ ကျပ်ဝန်းကျင် ကောက်ခံမှုနှင့် ပတ်သက်၍ ပုဂ္ဂလိက ဘဏ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ''နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးနဲ့ ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း အရမ်းကွာဟလာလို့ ပုဂ္ဂလိကဘဏ်တွေ အဆင်မပြေကြောင်း ဗဟိုဘဏ်ကို တင်ပြတော့ အဆင်ပြေသလိုလုပ်လို့ ပြောလို့ ကျွန်တော်တို့ တိုးကောက်တာပါ'' ဟု ပြောကြားသည်။

''တစ်နေ့တစ်နေ့ကို နိုင်ငံခြားငွေ သန်းနဲ့ချီပြီး ပြည်ပကိုလွှဲပို့နေတာ။ သူတို့တွက်ခြေ မကိုက်ဘူးဆိုပြီး ထပ်ပေးနေရတဲ့ အပိုဆောင်းငွေက တစ်ဒေါ်လာ ၁၅ ကျပ် ၀န်းကျင်ဆိုတော့ လုပ်ငန်းရှင်တွေ အများကြီး နစ်နာပါတယ်။ ဒီလိုဖြစ်ပေါ်နေမှုအပေါ် ဗဟိုဘဏ်ကို တိုင်ကြားစာပို့ဖို့ လုပ်ငန်းရှင်တွေ ပြင်ဆင်နေပါတယ်'' ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ထိုသို့ တိုးကောက်နေသော်လည်း လက်ရှိတွင် ပုဂ္ဂလိကဘဏ် အချို့မှာ ငွေတိုးမြှင့် ကောက်ခံနေသည့် ကြားမှ အရှုံးပေါ်နေသည်ဟု ဆိုကာ ပြည်ပသို့ နိုင်ငံခြားငွေလွှဲပို့မှုအား ရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ထိုသို့ ငွေလွှဲပို့နိုင်မှု မရှိသဖြင့် ပြည်ပလုပ်ငန်းများနှင့် ချိတ်ဆက်နေသည့် မြန်မာကုမ္ပဏီများ အနေဖြင့် ငွေကြေးရှင်းလင်းမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်သည့်အပြင် မြန်မာနိုင်ငံ၏ အားနည်းနေသော ဘဏ်စနစ်ကိုလည်း နိုင်ငံတကာတွင် ယုံကြည်မှုကင်းမဲ့ စေနိုင်ကြောင်း ဒေါက်တာစိုးထွန်းက ဆက်လက် ပြောကြားသည်။

''ကိုယ့်နိုင်ငံမှာ ပေါက်ဈေးထက် နိုင်ငံခြားပို့တဲ့ အခါမှာ ပြည်တွင်းလုပ်ငန်းရှင်က ပိုက်ဆံပိုပေး နေရတယ်။ ဒီနေ့ဆို တစ်ဒေါ်လာကို ၁၅ ကျပ်ပိုပေး နေရတာကိုပဲ တချို့ဘဏ်တွေက နိုင်ငံခြားဘဏ် အကောင့်မှာ ကန်ဒေါ်လာ မရှိတော့ဘူးဆိုပြီး ရပ်ထားတယ်။ ဒါက ဘာကိုပြနေသလဲဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဘဏ်စနစ် အားနည်းချက်ကို ပြနေတာပါ။ ဒီလိုဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ရပ်ဆိုင်းသွားနိုင်တယ်။ ကုန်ဈေးနှုန်းတွေ ကမောက်ကမနဲ့ ပြဿနာ ဖြစ်နိုင်တယ်။ ဗဟိုဘဏ်အနေနဲ့ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့လိုပါတယ်'' ဟု ဒေါက်တာစိုးထွန်းက နိုဝင်ဘာ ၂၁ ရက်က ပြောကြားသည်။

နိုင်ငံတကာ ဈေးကွက်ပေါက်ဈေး အတိုင်း နိုင်ငံခြား ငွေလဲနှုန်းအား နှုန်းရှင်သတ်မှတ်နိုင်ရေး လုပ်ဆောင်မည် ဆိုသော်လည်း လက်ရှိအနေအထားတွင် လုပ်ဆောင်နိုင်ဦးမည် မဟုတ်ဘဲ ကြားခံအဆင့် တစ်ဆင့်ကို လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားခဲ့သည်။

အဆိုပါနိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာအတက်အကျ ပြောင်းလဲမှု ဈေးနှုန်းအတိုင်း လုပ်ဆောင်မည့် Floating Market မစတင်မီ ဘဏ်အချင်းချင်းအကြား အရောင်းအ၀ယ် လုပ်ခွင့်ပြုမည့် ကြားခံအဆင့်ဖြစ်သော Interbank Market အား စတင်လုပ်ဆောင် နေကြောင်းလည်း သိရသည်။

လက်ရှိအစိုးရ လက်ထက်တွင် ဗဟိုဘဏ်၏ အထင်ရှားဆုံး ပြောင်းလဲမှုမှာ နိုင်ငံခြားငွေလဲနှုန်းကို ထိန်းကျောင်းမှုရှိသော ငွေလဲနှုန်းစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်က စတင်ခဲ့သော အဆိုပါ စနစ်သည် ဈေးကွက် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ပြီး လက်ရှိအချိန်အထိ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၇၀ ကျော်အထိ မြင့်တက်ခဲ့ကာ ၂၀၁၂ ဧပြီ ၂ ရက် တွင် ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ၈၁၈ ကျပ်ဖြင့် ဈေးသတ်မှတ် ခဲ့သော်လည်း တစ်နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ် ဒေါ်လာ ၁၀၀၄ ကျပ်အထိဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်အတွက် ဗဟိုဘဏ်၏ နိုင်ငံခြား ငွေလဲမှုအတွက် သတ်မှတ်ချက်မှာ ၉၇၃ ကျပ် ဖြစ်ကြောင်း သိရသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အဓိကအကျဆုံး ခြေလှမ်းတစ်ရပ်ဖြစ်သည့် ငွေလဲနှုန်း ပြုပြင်ပြောင်းလဲရာ၌ အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းများအား တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ရည်မှန်းထားသော်လည်း လက်ရှိ အချိန်အထိ သိမ်ဖြူကောင်တာဈေးနှုန်း၊ ဘဏ်နှင့် တရားဝင်ငွေလဲ ကောင်တာဈေးနှုန်း၊ ပြင်ပ ငွေလဲနှုန်း စသည်ဖြင့် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
Eleven Media Group