မြိတ်မြို့ လုံခြုံရေးအတွက် ပိတ်ဆို့စစ်ဆေးမှု တာဝန်ထမ်းဆောင်နေသူများအား နယ်ကျွံရောက်ရှိလာသော ရဲဝန်ထမ်းတစ်ဦးမှ ၀တ္တရားနှောင့်ယှက် ပြဿနာရှာ

ပို့စ်တင်ချိန် - 11/11/2013 11:06:00 AM


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် လုံခြုံရေးစီမံချက်အရ ညပိုင်းအချိန် သွားလာသူများအား လမ်းများ ပိတ်ဆို့ စစ်ဆေးခြင်းကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ နယ်မြေအလိုက် ခွဲခြားပြီး နေ့စဉ်နီးပါး ပြုလုပ်ဆောင်ရွက်လျှက် ရှိသည်။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်၊ ည (၁၀း၃၀)အချိန်ခန့် ကန်ဖျားနယ်မြေ၊ ပိတောက်ပင်လမ်းဆုံ၌ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် အမျိုးသမီးတစ်ဦး တင်ဆောင်မောင်းနှင်လာသော ဆိုင်ကယ်တစ်စီး ပိတ်ဆို့စစ်ဆေးရာသို့ ဖြတ်သန်းရောက်ရှိလာသဖြင့် လုံခြုံရေးစီမံချက်အရ စစ်ဆေးမှုပြုလုပ်ခံရန် ပြောဆိုသည့်အခါ ဆိုင်ကယ်မောင်းနှင်လာသူမှ အစစ်ဆေးမခံနိုင်ကြောင်း ငြင်းဆန်ပြောဆိုပြီး မိမိသည် မြိတ်မြို့သို့ နိုဝင်ဘာလ (၉)ရက်နေ့၌ ရဲအုပ်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသော ကော့သောင်းခရိုင်မှ လူကုန်တား ဒုရဲအုပ် ကျော်လင်းအောင် ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုရန်လာသော လူကုန်တား ဒုရဲအုပ်တစ်ယောက်ကို စစ်ဆေးစရာအကြောင်းမရှိ၊ ယခုမောင်းနှင်လာသော ဆိုင်ကယ်မှာ ခိုးယူလာသည့် ဆိုင်ကယ်ဖြစ်သည်ဟု ရွဲ့စောင်းပြောဆိုပြီး မချေမငံဖြင့် ပြဿနာရှာခြင်း၊ ရစ်ခြင်း၊ ၀န်ထမ်းကဒ်ပြခိုင်းရာတွင်လည်း ထုတ်ပြနိုင်ခြင်းမရှိဘဲ ပိတ်ဆို့စစ်ဆေး တာဝန်ကျသူတစ်ဦး၏ အင်္ကျံကော်လံ အောက်နားသို့ဆွဲ၍ လက်သီးဖြင့်ချိန်ရွယ် ဆဲဆိုခြိမ်းခြောက်ခြင်းများ ပြုလုပ်သဖြင့် အချေအတင်ဖြစ်ခဲ့သော်လည်း တာဝန်ကျအဖွဲ့ဝင်များမှ ပြဿနာပိုမိုမကြီးထွားစေရန် ပြန်လည် ဖြေလျော့ ပေးခဲ့ကြောင်း သိရသည်။

ပိတ်ဆို့စစ်ဆေးမှုပြုလုပ်ရာတွင် ပြည်သူများမှ ကြည်ဖြူစွာ စစ်ဆေးခံယူခဲ့သော်လည်း ရဲဝန်ထမ်းတစ်ဦးဖြစ်ပါလျက်နှင့် အရက်မူးပြီး ဥပဒေကို မထီမဲ့မြင်ပြုကာ တာဝန် ၀တ္တရားနှောင့်ယှက်သော ကော့သောင်းခရိုင် လူကုန်တား ဒုရဲအုပ် ကျော်လင်းအောင် အား ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်းကို ပိတ်ဆို့စစ်ဆေးမှုပြုလုပ်ရာ တာဝန်ကျ ပါဝင်ဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်များအရ သိရှိရသည်။

မြိတ်ပုလဲမြေ