'အကြွားသန်သည့် မြန်မာခရိုနီ' ဟု ဖော်ပြခံရသူ ဦးတေဇ

ပို့စ်တင်ချိန် - 11/23/2013 08:28:00 PM


ယနေ့ထုတ် သူရိယနေဝန်းဂျာနယ် အတွဲ ၁ အမှတ် ၅ မျက်နှာဖုံးပါ ကလောင်ရှင် ထောင်သူရဲ ဘအုပ်၏ 'ဦးတေဇနှင့် စိန်စီသောညများ' ဆောင်းပါးတိုကြောင့် ကမ္ဘာကျော် Forbes မဂ္ဂဇင်းက 'အကြွားသန်သည့် မြန်မာခရိုနီ' ဟု ဖော်ပြခံရသူ တေဇက ဂျာနယ် CEO မိုးဟိန်းအားလည်းကောင်း၊ ၄င်းအား ပုတ်ခတ်ရေးသားသော အခြားဂျာနယ်များကိုပါ ဥပဒေဘောင်အတွင်းမှ တုန့်ပြန်သွားမည်ဟု U Tay Za ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။ အဆိုပါဆောင်းပါးတိုသည် ပြီးခဲ့သော ရက်သတ္တပတ်က ထွက်ပေါ်ခဲ့သော မိုးဟိန်းအားတိုက်ခိုက်ရေးသားထားသော ပစ်စာကို တန်ပြန်လှောင်ပြောင် ရေးသားထားခြင်းဖြစ်သည်။

မိုးဟိန်းသည် အတွင်းရေး အရှုပ်တော်ပုံများကြောင့် ရပ်စဲသွားပြီးဖြစ်သော သူရိယအလင်းဂျာနယ်၏ CEO ဖြစ်ပြီး ၄င်းဂျာနယ်စာမျက်နှာများတွင်လည်း တေဇ အပါအဝင် အခြားသော နာမည်ကျော် 'အကြီးစား သူဌေး' များအား အပြင်းအထန် တိုက်ခိုက်ရေးသားခဲ့သည်။

ခရိုနီဆန့်ကျင်ရေး ဇောင်းပေးရေးသားခဲ့သော သူရိယအလင်း(ရပ်စဲ)နှင့် သူရိယနေဝန်းဂျာနယ်တွင် Max Myanmar ဇော်ဇော်နှင့် ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် အောင်ကိုဝင်းတို့ ၂ ဦးကိုမှု ရေးသားဖော်ပြခြင်း မရှိသဖြင့် ၄င်းတို့နှင့် မိုးဟိန်း ပတ်သက်မှုရှိနိုင်သည်ဆိုသော ယူဆချက်များ ထွက်ပေါ်လျှက်ရှိရာ အောင်ကိုဝင်းနှင့် မိုးဟိန်း မည်သို့မှ ပတ်သက်မှုမရှိကြောင်း ပြည်တွင်းထုတ်ဂျာနယ် တစ်စောင်တွင် အောင်ကိုဝင်းနှင့် နီးစပ်သူတစ်ဦးက ဖြေရှင်းပြောကြားခဲ့သည်။

အဆိုပါ Facebook အသိပေးချက်တွင် တေဇက မိုးဟိန်းသည် ၄င်းအား စိန်ခေါ်မှုပြုသည်ဟု ဖော်ပြထားသဖြင့် ကလောင်ရှင်ထောင်သူရဲဘအုပ်နှင့် မိုးဟိန်း တစ်ဦးတည်းဖြစ်းကြောင်း အတည်ပြုရန် လိုအပ်မည်ဖြစ်ပေသည်။

မှုရင်း အသိပေးချက်ကို ဖတ်ရှုနိုင်ရန် အောက်တွင် ဖော်ပြလိုက်ရပါသည်။

----- --- ----- --- -----

ယနေ့ထုတ် သူရိယနေဝန်း အပတ်စဉ်ဂျာနယ်မျက်နှာဖုံးဆောင်းပါးအဖွင့်မှာ ဂျာနယ်အယ်ဒီတာချုပ် မိုးဟိန်းက မိမိနာမည်တပ်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာကို ဖတ်မိပြီး မိမိအံ့သြမိပါတယ်။ အံ့သြမိတယ် ဆိုတဲ့အချက်မှာ မီဒီယာလုပ်နေတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်က သူတည်ထောင်ထားတဲ့ အဝါရောင်စာမျက်နှာထက်မှာ မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ်ဆိုတာပါ။

မိမိဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF တွေကနေ သူရဲကောင်းမှတ်တမ်းဝင်အဖြစ် အကြိမ်ကြိမ်ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့ သီရိပျံချီ ဦးမြင့်ဆွေ (လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း တပ်မတော်မိသားစုဝင် ယောက်ျားပီသစွာဖြင့် အမိမြေအတွက် ပေးဆပ်ခဲ့ကြသော စစ်သားကောင်းများ ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။

မိမိမှာလည်း ရဟတ်ယဉ်ပျက်ကျပြီး သေရွာပြန်ဖြစ်သည့်အတွက် နောက်တစ်ခေါက် ထပ်သေရမှာ မကြောက်တတ်သူဆိုတာကိုလည်း သတိပြုမိပုံမပေါ်ပါ။

ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ်စော်ကားမှုများအတွက်လည်း လူကြီးလူကောင်းပီသစွာ ဥပဒေဘောင်အတွင်းမှပဲ စကားပြောပါမယ်။ လမ်းဘေးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင်အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကားရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်။

တစ်ဆက်တည်းမှာပဲ အဆင့်မရှိသော မီဒီယာစာစောင်တချို့ မှ စော်ကားရေးသားထားသော မိမိရဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဒီလုပ်ငန်းတွေကို မိမိမတိုင်ခင် ယခင်လုပ်ခဲ့သူများ၊ မိမိနဲ့ တချိန်တည်းလုပ်ကိုင်ခဲ့သော ကုမ္ဗဏီများ အခြေအနေနှင့် အကျိုးအမြတ်၊ ယခုခေတ်လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့် လုပ်ပိုင်ခွင့်ရရှိသည့်အခြေအနေများကို မြန်မာပြည်သူ ပြည်သားများ၏ အနာဂါတ် လှပ တိုးတက်စေရေးအတွက် မိမိရိုးသားမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် ကမ္ဘာသို့တင်ပြသွားပါမယ်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)