အိုးဘို အကျဉ်းထောင်မှ လွတ်မြောက်သူများတွင် ဈေးချို ကားဗုံးဖောက်မှုကြောင့် ပြစ်ဒဏ် ချခံရသူများ ပါဝင်

ပို့စ်တင်ချိန် - 11/16/2013 07:10:00 PM


မန္တလေး၊ နိုဝင်ဘာ ၁၅

မန္တလေးမြို့ အိုးဘို အကျဉ်းထောင်မှ နိုဝင်ဘာ ၁၅ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများတွင် ဈေးချို ကားဗုံး ဖောက်ခွဲမှုဖြင့် ပြစ်ဒဏ်ကျခံရသူ ငါးဦး ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေးကွန်ရက် (မန္တလေး) မှ ပြောရေးဆိုခွင့်ရှိသူ ဦးကိုကိုလေးက ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် မန္တလေးမြို့ အိုးဘို အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများ လွှတ်ပေးခြင်းသည် ယခုအကြိမ်နှင့် ဆိုပါက ရှစ်ကြိမ် ရှိပြီး အကျဉ်းသားပေါင်း ၁၉၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကာ နိုင်ငံရေး အကျဉ်းသား ၃၀ နီးပါးခန့် ကျန်ရှိ နေသေးကြောင်း ဦးကိုကိုလေးက ထပ်မံ ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက မန္တလေးဈေးချို ကားဗုံး ပေါက်ကွဲမှု၊ ပြင်ဦးလွင်၊ နေပြည်တော် ဗုံးပေါက်ကွဲမှုဖြင့် တရားခံ ငါးဦးတို့ကို မန္တလေးခရိုင် တရားရုံးက ဇူလိုင် ၂၄ ရက်နေ့တွင် အမှုသုံးခု ပေါင်းကာ တစ်ဦးလျှင် အနည်းဆုံး အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်မှ ၁၂ နှစ်ခွဲစီ အမိန့်ချခဲ့ကြောင်း အဆိုပါ ငါးဦးတွင် ပါဝင်သူ ဦးစိုင်းလှအောင်က ပြောကြားသည်။

“ကျွန်တော်တို့ အိုးဘို အကျဉ်းထောင်ထဲမှာ ၂ နှစ်ကျော်ကျော် နေခဲ့ရတယ်။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ရတာ အရမ်းကို ဝမ်းသာပီတိ ဖြစ်ရပါတယ်။ စေတနာ ရှိရှိ၊ မေတ္တာ ရှိရှိနဲ့ လွှတ်ပေးတာကိုလည်း အရမ်းပဲ ဝမ်းမြောက်မိပါတယ်” ဟု ဦးစိုင်းလှအောင်က ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မန္တလေး အိုးဘို အကျဉ်းထောင်မှ ပြစ်ဒဏ် ချမှတ်ခံရသူ အကျဉ်းသား ၁၀ ဦး လွတ်မြောက်လာခဲ့ပြီး ပုဒ်မ ၁၈/ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ်ကျခံရသူ သုံးဦးနှင့် ၁၇/ ၁ (ဖောက်ခွဲ) ဖြင့် ပြစ်ဒဏ်ကျခံရသူ ခုနစ်ဦး ဖြစ်ကြောင်း၊ ပုဒ်မ ၁၈/ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ်ကျခံရပြီး လွတ်မြောက်လာသူများမှာ ဒေါ်နော်အုန်းလှ၊ ဦးဝင်းဆွေမြင့်နှင့် ဦးစိန်အောင်တို့ ဖြစ်ကြပြီး ပုဒ်မ ၁၇/၁ (ဖောက်ခွဲ) မှုဖြင့် ပြစ်ဒဏ်ကျခံရာမှ လွတ်မြောက်လာသူများမှာ ဈေးချို ကားဗုံး ဖောက်ခွဲမှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသူ ဦးမျိုးခင်၊ ဦးစိုင်းလှအောင် (ခ) အိုက်ဝေ၊ ဦးစိုင်းသိန်းနိုင်၊ ဦးစိုင်းကျော်သန်း၊ ဦးစိုင်းမိုးဟိန်းတို့ ဖြစ်ကြကြောင်း၊ ထို့ပြင် KIA တပ်ရင်း (၂၇) မှ ဦးလဘမ်ဘီ (ခ) လဘမ်ရိဒ်၊ SSNA တပ်မဟာ (၃) မှ ဦးရွတ်ငင်းတို့လည်း လွတ်မြောက်လာကြကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။
The Voice Weekly