ရန်ကုန်မြို့ရှိ ဈေးအချို့၏ အပြင်ဘက်ပေ ၃၀၀ အတွင်း ရောင်းချသော လမ်းဘေးဈေးသည်များကို ဈေးအတွင်း နေရာပေး၍ အခမဲ့ ရောင်းချခွင့်ပြုမည်

ပို့စ်တင်ချိန် - 11/18/2013 01:15:00 PM


ရန်ကုန်မြို့ရှိ ဈေးအချို့၏ အပြင်ဘက် ပေ ၃၀၀ အတွင်း ရောင်းချနေသော လမ်းဘေးဈေးသည်များကို ဈေးအတွင်း နေရာပေး၍ အခမဲ့ ရောင်းချခွင့်ပြုရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ သိရသည်။

"ဈေးအပြင်ဘက်က ပေ ၃၀၀ အတွင်းမှာ ရောင်းချတဲ့ လမ်းဘေးဈးသည်တွေကို စနစ်တကျ ဈေးထဲမှာ ရောင်းဖို့နေရာပေးမယ်။ ဈေးအချို့မှာ ရေ၀ပ်နေတဲ့ နေရာလွတ်တွေ ရှိတယ်။ အဲဒီနေရာတွေမှာ မြေဖို့ပြီး လုပ်ပေးမှာ။ လောလောဆယ် ကွန်ကရစ်ခင်းပေးပြီး သူတို့အမိုးတွေနဲ့ သူတို့ရောင်းရမှာ ဖြစ်ပါတယ်။ ဆိုင်ခွန် မကောက်ပါဘူး။ အခမဲ့ပါ။ ဒါပေမဲ့ မိုးတွင်းရောက်လာလို့ ဒီနေရာမှာ ဈေးရောင်းချတဲ့သူ ၅၀ ရာခိုင်နှုန်းလောက် ရှိရင်တော့ အမိုးလုပ်ပေးမယ်။ အဲဒီအတွက် အခွန်တော့ ကောက်မယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ ရောင်းချခွင့်ရရန် ပြုလုပ်ပေးမည့် ဈေးများမှာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဒဂုံရွှေပြည်ဈေး၊ ရွာသာကြီး လေးထောင့်ကန်ဈေး၊ သာကေတ (၁) ဈေးနှင့် (၂)ဈေး စသည်တို့တွင် ပြုလုပ်ပေးမည်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်ရှိ ယုဝတီ ပန်းခြံဈေးကိုလည်း ဈေးသည် ၁၀၀ ကျော်၏ တောင်းဆိုမှုဖြင့် ဈေးရုံဆောက်ပေးရန် စီစဉ်နေကြောင်း သိရသည်။

ယင်းသို့ ရောင်းချခွင့်ပေးရာတွင် ဈေးပြင်ပ ပေ ၃၀၀ အတွင်းရှိ လမ်းဘေးဈေးသည်များ စာရင်းကို ကောက်ယူ၍ နေရာပေးမည်ဖြစ်ကြောင်း၊ ဈေးရောင်းချခွင့်ပေးမည့် နေရာအား ဈေးသည်မှ ပိုင်ဆိုင်မည် မဟုတ်ဘဲ စည်ပင်ကသာ ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ ဈေးရောင်းချ နေရာမှ အကြောင်းကြောင်းကြောင့် ရောင်းချလိုခြင်း မရှိတော့ပါက အခြားသူတစ်ဦးအား ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဒဂုံရွှေပြည်ဈေးတွင် လမ်းဘေးဈေးသည်များအတွက် ဈေးရောင်းချခွင့် ပေးမည့်နေရာအား မြေဖို့ခြင်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်း အပြီးပြုလုပ်ရန်သွားရန် လျာထားသည်ဟု သိရသည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ဒဂုံရွှေပြည်ဈေးအတွင်း လမ်းဘေးဈေးသည်များ ရောင်းချနိုင်ခွင့်ပေးမည့် နေရာအား မြေဖို့ခြင်း ပြုလုပ်နေမှုကို တွေ့ရစဉ်
Eleven Media Group