လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင် ဒေသ ဖွံ့ဖြိုးရေး လုပ်နိုင်မည့် ဥပဒေကြမ်း သမ္မတ လက်မှတ်မထိုး

ပို့စ်တင်ချိန် - 11/27/2013 04:14:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၆

ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ထားသော လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ရန် မဲဆန္ဒနယ် တစ်ခုလျှင် ငွေကျပ် သိန်းတစ်ထောင် အသုံးပြုနိုင်သည့် ပုဒ်မပါရှိသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးခြင်း မရှိဘဲ လွှတ်တော်သို့ ပြန်လည် ပေးပို့ထားကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုပြီး နိုင်ငံတော် သမ္မတထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းကို နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးခြင်း မရှိဘဲ သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့လာသော်လည်း မည့်သည် အချက်များ ပါဝင်သည်ကို မသိရှိရသေးကြောင်း ဦးစောလှထွန်းက ဆိုသည်။

ယင်းဥပဒေကို နိုင်ငံတော် သမ္မတသို့ ပေးပို့ပြီးသည့် နောက်ပိုင်းတွင် ငွေသုံးစွဲရေး ကိစ္စများအတွက် လိုအပ်သည့် ကော်မတီ၊ ကော်မရှင် ဖွဲ့စည်းခြင်းနှင့် စည်းမျဉ်း စည်းကမ်းများ ချထားမှုကို အမိန့်ကြော်ငြာစာ အမှတ် (၈၂/၂၀၁၃) နှင့် (၈၃/၂၀၁၃) တို့ ထုတ်ပြန်ခဲ့ပြီး ဖြစ်သောကြောင့် လုပ်ငန်း ဆောင်ရွက်ချက်များကို ထိန်းညှိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“ဘတ်ဂျက်ဥပဒေမှာက အတည်ပြုပြီးသား ဖြစ်နေတော့ လုပ်ငန်းတွေတော့ ဆက်လုပ်လို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် ၎င်းတို့၏ မဲဆန္ဒနယ်များတွင် စီမံကိန်းငွေ သုံးစွဲရေးအတွက် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာဒေသအလိုက် ကြိုတင် စီမံမှုများ ပြုလုပ်ထားပြီး ဖြစ်သောကြောင့် လိုအပ်ပါက ပြည်ထောင်စု လွှတ်တော်မှ အရေးပေါ် အစည်းအဝေး ခေါ်ယူ၍ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က သုံးသပ်သည်။

ယင်းဥပဒေကို အမြန်ပြဋ္ဌာန်းနိုင်ရန် ဥပဒေကြမ်း ကော်မတီက နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly