တရုတ်ပိုက်လိုင်းဖြတ်ရာ ရွာချင်းဆက်လမ်း မြေကျွံနိမ့်ကျ၍ ဒေသခံများ အခက်တွေ့

ပို့စ်တင်ချိန် - 11/03/2013 02:30:00 PM


မန္တလေး၊ နိုဝင်ဘာ ၂

တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်းရာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာနှင့် ရွာဘိုကျေးရွာချင်း ဆက်လမ်းမှာ မိုးရွာသွန်းမှုများသဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်ကာ မြေကျွံကျမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဒေသခံများမှာ သွားလာရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပိုက်လိုင်း မြှုပ်ပြီးနောက် မြေပြန်ဖို့မှုမှာ စနစ်ကျနမှု မရှိခြင်းကြောင့် မိုးများသည့် အချိန်တွင် လမ်းနိမ့်ကျခြင်း ဖြစ်ကြောင်း ရွာဘိုကျေးရွာ ဒေသခံများက တူညီစွာ ပြောကြားသည်။

ယင်းလမ်းပျက်စီးမှုနှင့် ပတ်သက်ပြီး တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီဖြစ်သော CNPC ထံ အကြောင်း ကြားထားကြောင်း စဥ့်ကိုင်မြို့နယ် ရွာဘိုကျေးရွာ ဒေသခံ ဦးနိုင်တူးက ဆိုသည်။

တရုတ်-မြန်မာပိုက်လိုင်းတွင် အဓိက တာဝန်ရှိသော CNPC ကုမ္ပဏီက ယင်းပိုက်လိုင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ဝန်ထမ်းများ ခန့်ထားပြီး နေ့စဉ် စောင့်ကြပ်စစ်ဆေးလျက် ရှိကြောင်း၊ ယင်း လမ်း မြေနိမ့်ကျမှုနှင့် ပတ်သက်၍ ကုမ္ပဏီမှ တာဝန်ရှိသူများကို တင်ပြထားကြောင်း၊ ယင်းပိုက်လိုင်း တစ်လျှောက် စောင့်ကြပ် ကြည့်ရှုနေသူ ဝန်ထမ်း ဦးနန်းဦးက ပြောကြားသည်။

၎င်းသည် ပိုက်လိုင်း ဖြတ်သန်းရာ မြေနိမ့်ကျမှုဖြစ်သော စဥ့်ကိုင်မြို့နယ် ကံကြီးကျေးရွာနှင့် ရွာဘိုကျေးရွာ ကျေးရွာချင်း ဆက်လမ်းနေရာ အပါအဝင် ပိုက်လိုင်းအမှတ် CNG-257 မှ CNG-264 အထိ ပိုက်လိုင်းတစ်လျှောက် စောင့်ကြပ် တာဝန်ယူရကြောင်း ၎င်းကဆိုသည်။

ယင်းရွာဘိုကျေးရွာအနီး တောင်ပေါ် နေရာတစ်ခုတွင် ဖြတ်သန်းထားသော ပိုက်လိုင်း လမ်းကြောင်းမှာ မိုးရွာသွန်းမှု များသဖြင့် ရေစီးကြောင်းများ ဖြစ်ပေါ်နေသောကြောင့် ယင်းနေရာကို ပြုပြင်သင့်ကြောင်း၊ ယင်းဒေသ အပါအဝင် စဥ့်ကိုင်မြို့နယ်အတွင်း ပိုက်လိုင်း ဖြတ်သန်းရာ ကျေးရွာ ၂၂ ရွာ၌ လူမှုစစ်တမ်း ကောက်ယူနေသော တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီတွင် ပါဝင်သည့် စိမ်းရောင်စို (ပလိပ်) အဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသို့သွားသော လမ်းပိုင်းတွင် အောက်တိုဘာလ တတိယပတ် အတွင်းက ပိုက်လိုင်း ဖြတ်သန်းရာနေရာ၌ မြေကျွံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းကလည်း မန္တလေးတိုင်းဒေသကြီး တံတားဦး မြို့နယ်အတွင်း ပိုက်လိုင်း ဖြတ်သန်းရာ စကားအင်း-ပြင်စည်လမ်းပိုင်း မြေနိမ့်ကျွံကျမှုကြောင့် ဆိုင်ကယ် တိမ်းမှောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
The Voice Weekly