တတိယလိင် ခွင့်ပြုမည်ဟု ဂျာမနီထုတ်ပြန်

ပို့စ်တင်ချိန် - 11/02/2013 05:01:00 PM


မွေးဖွားစဉ် လိင်အင်္ဂါနှစ်မျိုးစလုံး ပါဝင်လာသည့် ကလေးငယ်များကို အမျိုးသားလည်းမဟုတ် အမျိုးသမီးလည်း မဟုတ်သော တတိယလိင်အဖြစ် မှတ်ပုံတင် ခွင့်ပြုမည်ဟု ဂျာမနီနိုင်ငံက ထုတ်ပြန် ကြေညာလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကလေးမိဘများ အနေနှင့် မွေးစာရင်း စာရွက်တွင် မည်သည့်လိင်အမျိုး အစားမျှ ရေးသားရန် မလိုဘဲ ကွက်လပ်ချန်ထားခွင့် ရှိမည်ဖြစ်ပြီး ရလဒ်အဖြစ် ဆုံးဖြတ် ရခြင်းမရှိသေးသော လိင်အမျိုးအစားသစ် ထွက်ပေါ်လာမည် ဖြစ်သည်။
လိင်အင်္ဂါ နှစ်မျိုးလုံးပါဝင်သည့် ကလေးငယ်များကို လိင်အင်္ဂါပြောင်း ခွဲစိတ် ကုသရာတွင် မိဘများ အလျင်စလို ဆုံးဖြတ်ချက် မချမိစေရန် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။
ယင်းကဲ့သို့သော လိင်အင်္ဂါ နှစ်မျိုး လုံးပါဝင်သည့် ဂျာမနီနိုင်ငံသား ၂၀၀၀ ခန့် ထိရှိပြီး အထီး၊ အမ Chromosone လက္ခဏာနှစ်ရပ်လုံး ရှိနေကြကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် ကလေးငယ်များကို မှတ်ပုံတင်နိုင်ရန်အတွက် မိဘများအနေနှင့် လိင်အင်္ဂါ သတ်မှတ်ချက်ကို အလျင်အမြန် ဆုံးဖြတ်ရခြင်းကြောင့် အခက်အခဲများ ပေါ်ပေါက်လျက်ရှိသည်။
အချို့သော ခွဲစိတ်ကုသမှုများတွင် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ များကို တတ်နိုင်သမျှပြောင်းလဲပေးပြီး လိင်အမျိုးအစား တစ်မျိုးမျိုးဘက်သို့ ရောက်ရှိစေရန် ရည်ရွယ် လုပ်ဆောင်လေ့ရှိသည်။
ယင်းကဲ့သို့ လုပ်ဆောင်မှုများ ကြောင့် ဂျာမနီနိုင်ငံ၌ မကျေနပ်မှုများ ပေါ်ပေါက်လျက်ရှိပြီး ဖြစ်ရပ်တစ်ခုတွင် လိင်အင်္ဂါနှစ်မျိုးလုံး ပါဝင်သူ တစ်ဦးကို ဆရာဝန်က ခွဲစိက်ကုသလိုက်ပြီး မည်သည့် လိင်အဖြစ်ကိုမျှ ရောက်ရှိခြင်းမရှိသလို စိတ်ဒဏ်ရာများ ရရှိနေကြောင်း လူနာတစ်ဦးက ပြောကြားသည်။
ဂျာမနီ နိုင်ငံကူး လက်မှတ်များတွင် အမျိုးသား M နှင့် အမျိုးသမီး F ဟု လက်ရှိသတ်မှတ်ထားရာမှ မကြာမီအချိန် အတွင်း တတိယလိင် X ဟူသော ဖော်ပြချက်များ ပါဝင်လာမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားသည်။ ယင်းကဲ့သို့ ပြောင်းလဲလိုက်ခြင်းကြောင့် လက်ထပ်ထိမ်းမြားမှု များနှင့် လက်တွဲဖော် ဥပဒေများတွင် မည်ကဲ့သို့ အကျိုးသက်ရောက်လာမည်ကို ရှင်းလင်းစွာ မသိရသေးပေ။
လက်ရှိ ဥပဒေများအရ ထိမ်းမြားမှု ဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးကြား ပူးပေါင်းမှုဟု ဖော်ပြထားပြီး လက်တွဲဖော် ဆိုသည်မှာ လိင်တူစုံတွဲများကြား ပူးပေါင်းမှု ဟု ဖော်ပြထားသည်။

thevoicemyanmar