သေနတ်ဖြင့်ချိန်ရွယ်၍ ယာဉ်မောင်းလိုင်စင်မေးကာ ပိုက်ဆံ တောင်းခံသည့် စစ်သည်တော် ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား တစ်ဦးအား စစ်စည်းကမ်းဖြင့်အရေးယူမည်

ပို့စ်တင်ချိန် - 11/18/2013 01:19:00 PM


နိုဝင်ဘာ ၁၇

မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများဖြင့် စည်ပင်ဖွံ့ဖြိုးရာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် ချင်းပြည် နယ် တီးတိန်မြို့နယ်သွားရာ နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးရှိ ရှု့ခင်းသာနေရာ၏ အထက်ဘက် နှစ်မိုင်ခန့်နေရာတွင် ယခုလ ၁၅ ရက်နေ့မနက် ၂ နာရီအချိန်ခန့်က နယ်စပ်ကုန်သွယ်ရေး ဟိုင်မွှာလ်ဂျစ်ကား တစ်စီးအား စစ်သည်တော် ဗိုလ်ကြီး တစ်ဦးနှင့် တပ်သားတစ်ဦးတို့မှ သေနတ်ဖြင့် ချိန်ရွယ်၍ ယာဉ်မောင်းလိုင်စင်မေးမြန်းကာ ပိုက်ဆံတောင်းယူခြင်းခံရကြောင်း တာဟန်းနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

ထိုသို့ ကားလိုင်စင်မေးမြန်းကာ ပိုက်ဆံတောင်းယူခြင်းခံရသည့် ကားသည် ယာဉ်အမှတ် ယာယီ ဂ/ ၁၀၃ ဟိုင်မွှလ်ဂျစ် ၂၂၄ အမျိုး အစားဖြစ်ပြီး ယာဉ်မောင်းမှာ ကလေးမြို့ ၊ တောင်ဇလပ်ရပ်ကွက်၊ နယ်မြေအမှတ်(၉) တွင်နေထိုင်သူ ဦးမောင်လင်း အသက်( ၅၄)နှစ်၊ (ဖခင်အမည်) ဦးနိမ်ဟရီ ဆိုသူနှင့် ကိုငွန်နာ အသက်(၃၃)နှစ်၊ (ဖခင်အမည်) ဦးလားဆန်းလျှံ ဆိုသူနှစ် ဦးတို့ဖြစ်ကြောင်း အဆိုပါ နယ်စပ်ကုန်သွယ်ရး လုပ်ငန်းမှ ဆက်လက်၍ ပြောသည်။

“ .. ကားကိုရပ်ခိုင်းပြီး သေနတ်နဲ့ချိန်ထားတယ်။ နောက်ပြီး ယာဉ်မောင်းလိုင်စင်ပါခဲ့လားလို့မေးတယ်။ လိုင်စင်မပါရင် ဗိုလ်ကြီးက ပိုက်ဆံငါးသိန်းပေးရမယ်လို့တောင်းခဲ့တယ်။ ကလေးမြို့နဲ့လည်း နီးနေပြီဆိုတော့ လမ်းစရိတ်ကကုန်လုနီး ပါးဖြစ်နေပြီ ..။ ဒါနဲ့ ဈေးစစ်ပြီး ဗိုလ်ကြီးကို ပိုက်ဆံ နှစ်သိန်းပေးလိုက်ရပါတယ်..” ဟု ယာဉ်မောင်း ဦးမောင်လင်းမှ သက်ဆိုင် သို့ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မနက်မိုးလင်းသည့်အခါ ၇ နာရီအချိန်ခန့်တွင် ညက ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာခဲ့သူ ခရီးသည် အမျိုးသမီး တစ်ဦးမှ ပိုက်ဆံတောင်းသွားတဲ့သူတွေကို အခုတွေ့ခဲ့ရကြောင်း ယာဉ်မောင်းဖြစ်သူ ကိုငွန်နာထံ ဆက်သွယ်ပြောကြားခဲ့ရာ ထိုသူမှ ကလေးမြို့ တာဟန်းနယ်မြေရဲစခန်းသို့ ဆက်လက်၍ အကြောင်းကြားခဲ့သည်ဟု သိရသည်။

ထို့နောက် တာဟန်းနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျဲအိုဒင်မွှိုင်း အပါအ၀င် ရဲတပ်ဖွဲ့ဝင် ငါးဦးတို့သည် သတင်းအရ ကလေးမြို့၊ တောင်ဇလပ် ရပ်ကွက်၊ နယ်မြေအမှတ်(၇) နေ ကိုကျော်ကျော်လွင် ဆိုသူ၏ နေအိမ်အား ပိတ်ဆို့ဝိုင်းရံပြီး စီးနင်းဝင်ရောက်၍ စစ်ဆေးခဲ့ရာ ၎င်းနေအိမ်အတွင်း၌ စစ်ဘက်ရေးရာ ဗိုလ်ကြိးအဆင့်ရှိသူတစ်ဦးနှင့် တပ်သားအဆင့်ရှိသူ လူနှစ်ဦးတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော်သာားနှစ်ဦးမှာ ကလေးမြို့ အခြေစိုက် ခလရ (၈၉) တပ်မှ တပ်ခွဲမှူး နယ်မြေစစ်ဆင်ရေးတပ်ခွဲ အမှတ်(၂) တွင် တာဝန်ထမ်းဆောင်နေသူ ကိုယ်ပိုင်အမှတ် ကြည်း - ၃၄၀၇၀ ဗိုလ်ကြီး ကျော်သူထိုက် ဆိုသူနှင့် ကိုယ်ပိုင်အမှတ် တ/ ၄၅၉၅၉၈ တပ်သား ထွန်းလင်းအောင် အသက်(၂၀)နှစ် (ဖခင်အမည်) ဦးအေးသောင်း ဆိုသူတို့ဖြစ် ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အတည်ပြုပြောကြားသည်။

ထိုသူတို့နှစ်ထံတွင် ကားအား ယာဉ်မောင်းလိုင်စင်စစ်၍ ပိုက်ဆံနှစ်သိန်းတောင်းယူစဉ်ခန့်က ကိုင်ဆောင်ခဲ့သည့် သေနတ်နံ ပါတ် T – 9560 ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ဆယ်တောင့်၊ ဆိုနီအမျိုးအစား ကင်မရာတစ်လုံး၊ DLAN အမှတ်တံဆိတ်ပါ ဖုန်းနံပါတ် 09 – 49254137 လက်ကိုင်ဖုန်းတစ်လုံး၊ ငွေစက္ကူရောရာ ( ၂၆၈၄၀၀) ကျပ်တို့အား သိမ်းဆီး ရရှိခဲ့သည်ဟု ၎င်း ရဲတပ်ဖွဲ့ဝင်မှ ဆိုသည်။

ထိုပနောက် ဒုရဲအုပ် ကျဲအိုဒင်မွှိုင်းနှင့်အဖွဲ့သည် ကလေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်ထံ စစ်ဆေးတွေ့ရှိချက်များအား သတင်းပေးပို့တင်ပြခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး မှတဆင့် ကလေးမြို့ စစ်ဒေသ စစ်ဦးစီး ပထမတန်း ထံသို့ ဖုန်းမှတဆင့် ဆက်လက်၍ တင်ပြခဲ့ရာ စစ်စည်းကမ်း ထိန်းသိမ်းရေး အရအရေးယူရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ဒေသခံ မြို့မိ၊ မြို့ဖ တစ်ဦးမှ ဆိုသည်။

အဆိုပါ ဗိုလ်ကြီး ကျော်သူထိုက်နှင့် တပ်သား ထွန်းလင်းအောင် ဆိုသူ စစ်သည်နှစ်ဦးတို့အား ထို့နေ့ညနေ ၄ နာရီအချိန် ခန့်တွင် လခရ(၈၉) တပ်မှ တပ်ထောက်ဗိုလ်ကြီး မျိုးမင်းသိန်းထံ ရဲတပ်ဖွဲ့မှ လွှဲပြောင်အပ်နှံပေးခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းခန့်ကလည်း ကျိုက်ထိုလေကြောင်းအရံတပ်မှ ဗိုလ်ကြီးအဆင့်ရှိ စစ်သည်တော်တစ်ဦးသည် သထုံမြို့နယ်၊ ပေါင်မြို့နယ်ခွဲရှိ ရွှေရတနာ အရောင်းတစ်ဆိုင်အား သေနတ်ဖြင့်ချိန်ရွယ်၍ ရွှေထည်ပစ္စည်းများ လုယူထွက်ပြေးခဲ့သည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။

မုံရွာတိုင်မ်း(သတင်းအဖွဲ့)