ငွေစက္ကူအတုထုတ်လုပ်သူများအား ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်

ပို့စ်တင်ချိန် - 11/27/2013 01:37:00 PM


တစ်ထောင်ကျပ်တန်ငွေစက္ကူအတု ကျပ်နှစ်သိန်းကို ထုတ်လုပ်သုံးစွဲသူ အမျိုးသားငါးဦးတို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဖြင့် အမှုဖွင့်ရေးယူထားကြောင်း သတင်းရရှိသည်။

သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စုအတွင်း အမျိုးသားတစ်ဦးထံမှ တစ်ထောင်ကျပ်တန်အတု ၁၆ရွက်ကို စတင်ဖမ်းဆီးမိရာမှ ကွင်းဆက်တရားခံများကို ထပ်မံဖမ်းဆီးမိခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမျိုးသားကို စစ်ဆေးသောအခါ သင်္ဃန်းကျွန်းမြို့ နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် နေသူများက ထုတ်လုပ်ခဲ့ပြီး ဒဂုံအရှေ့မြို့နယ်တွင်နေထိုင်သူတစ်ဦးကို ကျပ်တစ်သိန်းပေးထားသည်။ ၎င်းငွေများထဲမှ တစ်ထောင်ကျပ်တန် ၁၆ရွက်ကို တစ်ဆင့်ရကာ သုံးစွဲစဉ်ဖမ်းဆီးခံရကြောင်း ၎င်းက၀န်ခံခဲ့သည်။

ထို့အပြင် တစ်ထောင်ကျပ်တန်ငွေစက္ကူအတု ထုတ်လုပ်သူများသည် သန်လျင်မြို့နယ်၊ အေးသာယာရပ်ကွက်တွင် နေထိုင်သူတစ်ဦးကိုလည်း ကျပ်တစ်သိန်း သုံးစွဲရန်ပေးထားသေးကြောင်း သတင်းရရှိသည်။ထို့ကြောင့် ၎င်းတို့ငါးဦးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့် နိုဝင်ဘာ ၂၄ရက် တွင် အမှုဖွင့်ရေးယူကာ ကိုယ်တိုင်သုံးစွဲနေသည့် သန်လျင်မြို့နယ်မှ အမျိုးသားနှစ်ဦးကိုသာ ဖမ်းမိသေးကြောင်း ကျန်တရားခံများ လွတ်မြောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။

အလားတူ အောက်တိုဘာ ၁၂ရက် မွန်းလွဲ ၆နာရီခန့်တွင် တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တွင် အမျိုးသမီးတစ်ဦးကို တစ်ထောင်ကျပ်တန်အသေး ငွေစက္ကူအတု ၁၉၉၇ ရွက် ကို ဖမ်းမိရာမှတဆင့် ငွေတုလုပ်သူများထံမှ ငွေတုလုပ်သည့် ကာလာပရင်တာစက်နှင့်အတူ ငွေတုစုစုပေါင်း ကျပ်သိန်းငါးဆယ်ကျော် ဆက်လက်ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

အလားတူ အောက်တိုဘာ ၆ရက်ကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာဈေးဝင်းဂိတ် ၁အနီးတွင်  အမျိုးသားနှစ်ဦးက ငါးထောင်ကျပ်တန်ငွေစက္ကူအတုများ သုံးစွဲနေကြောင်း သတင်းရရှိသောကြောင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ပြီး အင်းစိန်စီအိုင်ဒီမှ ရဲအရာရှိများက တရားခံများကို လာရောက်ခေါ်ယူ၍ စစ်ဆေးခဲ့ရာ ကာလာပရင်တာဖြင့်ပင် ပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးကပြောသည်။

ယခုနှစ်အတွင်း ငါးထောင် နှင့် တစ်သောင်းကျပ်တန်အတုများကိုလည်း နည်းစနစ်မျိုးစုံဖြင့်  ပြုလုပ်ကြ၍ ရောင်စုံမိတ္တူကူးစက်ဖြင့် ပြုလုပ်ပါက သိသာထင်ရှားစွာ ခွဲခြားနိုင်သော်လည်း အဆင့်မြင့် စက်ကြီးများဖြင့် ထုတ်လုပ်ပါက ငွေစက္ကူအတုနှင့် အစစ် ခွဲခြားသည့်ဌာနမှ ကျွမ်းကျင်သူများကသာသိနိုင်ကြောင်း စီအိုင်ဒီမှ အငြိမ်းစားရဲမှူးတစ်ဦးက ပြောသည်။

7day Daily