လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းမှုတွင် မီးလောင် ဒဏ်ရာ ပြင်းထန်စွာရရှိသော သံဃာရှစ်ပါးကို ဂုဏ်ပြုမည်

ပို့စ်တင်ချိန် - 11/24/2013 04:23:00 PM


မုံရွာ၊ နိုဝင်ဘာ ၂၃

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေ ဝက်မှေးရွာဟောင်းရှိ ဘုန်းကြီးကျောင်းတွင် ပြုလုပ်မည့် သပိတ်စခန်း ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် လက်ပံတောင်း တောင် သပိတ်စခန်း ဖြိုခွင်းခံခဲ့ရမှု၌ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် သံဃာရှစ်ပါးအား ဗုဒ္ဓကုရဆု (ဘုရားလောင်း သူရဲကောင်းဆု) ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း ဆရာတော် ဝီရသူက မိန့်ကြားသည်။
“သပိတ်စခန်း ဖြိုခွင်းခံရမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ချီးမြှင့်တာပါ။ သံဃာရှစ်ပါးကိုတော့ ဘုရားလောင်း သူရဲကောင်းဆု ချီးမြှင့်ပြီး ကျန်တဲ့ သံဃာတွေကိုလည်း ဂုဏ်ပြု ချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်နဲ့ ဝတ္ထုငွေတွေ ပေးအပ်ဖို့ စီစဉ်ထားပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ဝက်မှေး ရွာဟောင်းတွင် ပြုလုပ်မည့် သပိတ်စခန်း ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဒဏ်ရာရရှိခဲ့သည့် မန္တလေး၊ မုံရွာ၊ ပခုက္ကူမြို့မှ သံဃာတော်များကို ပင့်ဖိတ်သွားမည် ဖြစ်ပြီး နိုဝင်ဘာလ၂၄ ရက်နေ့တွင် မန္တလေးမှ သံဃာတော်များ ဝက်မှေးရွာဟောင်းသို့ ရောက်ရှိ လာမည် ဖြစ်ကာ ဆရာတော်များနှင့် ညှိနှိုင်းပြီး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဝက်မှေးရွာမှ မသွဲ့သွဲ့ဝင်းက ပြောကြားသည်။
“သပိတ်စခန်း ဖြိုခွင်းခံခဲ့ရတဲ့ တစ်နှစ်ပြည့်မှာ ဆန္ဒထုတ်ဖော်ဖို့တော့ အစီအစဉ် မရှိပါဘူး။ အခုလို အထိမ်းအမှတ်ပွဲလေးပဲ ရွာဟောင်းမှာ ကျင်းပဖို့ စီစဉ်ထားတာပါ” ဟု ၎င်းကဆက်လက် ပြောကြား သည်။

သံဃာတော်များအား ချီးမြှင့်မည့် ဆုတံဆိပ်တွင် ဘုရားအလောင်း မျောက်မင်း ဘဝပုံကို သစ်သားဖြင့် သရုပ်ဖော်သွားမည် ဖြစ်ပြီး ဘုရားအလောင်း မျောက်မင်းဘဝ ဘုရင့် ဥယျာဉ်တော်အတွင်း ဝင်ရောက်ကြစဉ် ဘုရင့်တပ်က လက်နက်များဖြင့် ဝိုင်းသည့်အခါ၊ ခါးတွင် နွယ်ကြိုးချီ၍ ခုန်ကူးပြီး တစ်ကိုယ်စာ လိုသဖြင့် ၎င်းကိုယ်တိုင် သစ်ကိုင်းကို ဆွဲ၍ တံတားသဖွယ် ခင်းပေးပြီး မျိုးနွယ်တူအဖွဲ့ သားများကို ဖြတ်သန်း သွားလာစေကာ အသက်စွန့်ခဲ့သည့် မျောက်မင်းကို ပုံဖော်သွားမည် ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား လာရောက်ခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လက်ပံတောင်းတောင် စီမံကိန်း ဧရိယာအတွင်း သံဃာတော်များနှင့် ဒေသခံများက သပိတ်စခန်းများ ဖွင့်လှစ်၍ လက်ပံတောင်းတောင်အရေး တောင်းဆို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ ရာ နိုဝင်ဘာ ၂၉ ရက်နေ့ တန်ဆောင်မုန်း လပြည့်နေ့တွင် သပိတ်စခန်း ဖြိုခွင်းခံခဲ့ရပြီး ယင်း ဖြိုခွင်းမှုတွင် ပြင်းထန်စွာ မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် ဆရာတော် ဦးတိက္ခဉာဏ၊ ဦးပညာဝုဓ၊ အရှင်ရာဇိန္ဒ၊ အရှင်ဝိသုတ၊ အရှင်သုစိတ္တ၊ အရှင်ခေမာဝုဓ၊ ကိုရင်သဇ္ဇနတို့အား ဂုဏ်ပြု ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

The Voice Weekly