တိုင်းနှစ်တိုင်း ကြံ့ခိုင်ရေး ၀န်ကြီးများနှင့် မြေလုသည့် ပြဿနာ

ပို့စ်တင်ချိန် - 11/01/2013 03:02:00 PM


    မြေနုကျွန်း အငြင်းပွားမှု ပြဿနာများကြောင့် ဌာနဆိုင်ရာ အကြီးအကဲများ တိုင်းမှူးများ အထိပင် လာရောက်၍ ဖြေရှင်းခဲ့ ကြသော်လည်း အဆင်ပြေ အေးချမ်းမှုမရှိခဲ့ဘဲ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက္ကယ်ကျွန်း ကျေးရွာမှ လူအင်အားသုံး၍ လာရောက်အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပွား . . .

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီးအပိုင် အလယ်ကင်း ကျေးရွာနှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ သက္ကယ်ကျွန်း ကျေးရွာတို့၏ မြေနုကျွန်း အငြင်းပွားမှု ပြဿနာများကြောင့် တိုင်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ အကြိမ်ကြိမ် လာရောက်ကြရသလို သက်ဆိုင်ရာ တိုင်းမှူးများ အထိပင် လာရောက်၍ ဖြေရှင်း ခဲ့ကြသော်လည်း အဆင်ပြေ အေးချမ်းမှု မရှိခဲ့ဘဲ ယခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ သက္ကယ်ကျွန်း ကျေးရွာမှ လူအင်အားသုံး၍ လာရောက် အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပွားလျက် ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ အကြမ်းဖက် ဖျက်ဆီးမှုများတွင် ကိုယ်တိုင် ခံစားခဲ့ရသည့် ကိုအောင်ထွန်းဝေက ““ကျွန်တော် ဒီမှာ ကိုင်းလုပ်ခဲ့တာ (၁၀)နှစ် ကျော်ပါပြီ။ လူပါလာပြီးနေတာက (၄) နှစ်ရှိပြီ။ ဒီလို လုပ်ကြမယ် မထင်ဘူး ပထမ ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုတဲ့ “ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့လို့ ဂျပန်ပြည်မှာကွယ်ဆိုတဲ့ သီချင်းသံကြားလို့ နားထောင်နေရင်း လူတွေကလည်း များလိုက်တာ၊ ဘာလဲပေါ့ ကျွန်တော့် အိမ်နားလည်း ရောက်ရော အိမ်ကို ၀ိုင်းထားလိုက်ပြီး … အဲဒီအဖွဲ့ထဲမှာ ခေါင်းဆောင်တဲ့ ကိုကျော်စိုးနဲ့ ကိုစိုးလွင်တို့ ၂ ယောက်က ရေပေါ်သောင်က လူတွေ အိမ်တွေ ဒီမှာ မမြင်ချင်ဘူး။ ခင်ဗျားတို့ အိမ် (၄) လုံး (၁) နာရီ အချိန်ပေးမယ် ဖျက်ပါ။ ကျွန်တော်တို့ ဖျက်ရင် ဘာမှရမှာ မဟုတ်တော့ဘူးဆိုပြီး ပြောတယ်။ ကျွန်တော် အမျိုးမျိုး တောင်းပန်တယ် မရဘူး။ နာရီဝက်လောက် ကြာတော့ မအူပင်နဲ့ ဆီးပင်တွေကို ခုတ်လှဲတယ်။ အပင်တွေက တော်တော်ကြီးနေပြီး (၂၄) ပင် တောင်ရှိတာ။ အဲဒါတွေလည်းပြီးရော လူတွေဘက် လှည့်ပြီး ရန်ရှာ လာတယ်။ ကျွန်တော်တို့ ဒီဘက်ကို ထွက်ပြေးခဲ့ရတယ်””ဟု ကိုယ်တွေ့ ခံစားရမှုများကို ရှင်းပြသည်။

ထိုအကြမ်းဖက်မှု ဖြစ်စဉ်တွင် ကိုအောင်ထွန်းဝေ အပါအ၀င် အလယ်ကင်း ကျေးရွာမှ ကိုဝင်းထိုက်၊ ကိုညွန့်မောင်၊ ကိုမောင်ရင်၊ ကိုအုန်းငွေတို့၏ လူနေယာတဲများ ဖျက်ဆီးခြင်း ခံခဲ့ရပြီး အကြမ်းဖက် သူများသည် နေ့လယ်ပိုင်းတွင် သက္ကယ်ကျွန်းဘက်သို့ ပြန်လည် ထွက်ခွာသွားကြသောကြောင့် အခြေအနေမှာ ခေတ္တမျှ ငြိမ်သက် သွားခဲ့သော်လည်း ည(၈) နာရီခန့်တွင် အဆိုပါ လူအုပ်ကြီးက ဓာတ်မီးများ တ၀င်းဝင်းနှင့် သက္ကယ် ကျွန်းဘက်မှ ထပ်မံ၍ လာကြသည်ကို တွေ့မြင်ရသည့် အလယ်ကင်းကျေးရွာ ရွာသူရွာသားများမှာ နီးစပ်ရာသို့ ဖုန်းများဖြင့် ဆက်သွယ် ခေါ်ဆို၍ လည်းကောင်း ဘာသာရေး/နာရေးများတွင် အသုံးပြုရန် အသင့်ရှိနေ ကြသည့် အသံချဲ့စက်များ၊ တောဓလေ့အရ နေအိမ်များတွင် လူခေါ်ရန်၊ အကြောင်းကြားရန် တပ်ဆင်ထား ကြသည့် အသံချဲ့စက်များ၊ ဗွီဒီယိုရုံများတွင် အသင့်ရှိနေကြသည့် အသံချဲ့စက်များ၊ ဆောင်းဘောက်စ်များဖြင့် အော်ဟစ် ခေါ်ဆို အကူအညီ တောင်းခံသံများကြောင့် အခြေအနေများ ပိုမို ရှုပ်ထွေးခဲ့ရပြီး မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ  အပါအ၀င် အဖျောက် ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး၊ ဒုရဲအုပ်နှင့် ရဲတပ်ဖွဲ့ အင်အား (၁၅)ဦးမှ အချိန်နှင့် တစ်ပြေးညီ လုံခြုံရေး စီမံမှုများ လာရောက် ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။

““သူတို့က စနစ်တကျ စီစဉ်ထားကြတာဖြစ်မယ် ကြိုတင် လေ့ကျင့်ထားတဲ့ သဘောပဲ။ အဖွဲ့(၁)၊ အဖွဲ့(၂)၊ အဖွဲ့(၃) ဆိုပြီး ခေါ်သံတွေ ကြားနေရတယ်။ အိမ်တွေ ဖျက်တာ အဖွဲ့(၁)က ဖျက်တာ၊ ထမင်းထုပ်တွေ စီစဉ်ဖို့ အမျိုးသမီး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်မြင့်နဲ့ မနှင်းမြတ်မင်းဆိုပြီး အသံချဲ့စက်နဲ့ ခေါ်နေတဲ့ အသံတွေလည်း ကြားနေရတယ်။ အဖျက်ခံရတဲ့ အိမ်တွေက ကြောင်တွေ၊ ကြက်တွေကိုလည်း ယူသွားကြတယ်””ဟုဒေသခံ ရွာသားတစ်ဦးက ပြောကြားသည်။

ယခု အလယ်ကင်း ကျေးရွာသစ်သည် ယခင်အလယ်ကင်း ကျေးရွာကြီး ကမ်းပြို၍ ကျွန်းပျက်စီးခဲ့သော နေရာပင်ဖြစ်ပြီး ယခုတစ်ဖန်ပြန်၍ ကျွန်းပေါ်ခြင်းဖြစ်ပြီး ယခင်က ပြေစာပေါက် ဧက တစ်သောင်းခန့် ရှိခဲ့သော်လည်း ယခုအခါ ဧက (၄၀၀)ကျော်သာ ရှိတော့ကြောင်း သိရသည်။

““ပြည်သူ့ကောင်စီ လက်ထက် ၁၉၈၂-၈၃ လောက်က ရေပေါ်သောင်၊ ကြာအင်း၊ သက္ကယ်ကျွန်း၊ စိန်ကလေး၊ ကြွေပုဂံချောင်း၊ ရွာ (၅)ရွာ ရှိတဲ့ နယ်နိမိတ် (၅) ဦးစပ် ကျောက်တိုင်ဆိုတာ ရှိတယ်။ အဲဒီ အထိ ကျွန်တော်တို့ ပိုင်ခဲ့တာ။ အဲဒီနေရာကနေ နောက်ဆုတ် ပေးခဲ့ရတာ အခု ကျွန်တော်တို့ အလယ်ကင်း နယ်နိမိတ်အထိ ဆိုရင် ဧက ၄၂၀၀ ကျော်တယ်။ သက္ကယ်ကျွန်းဘက်မှာ ကျန်ရစ်ခဲ့တာ အဲဒါတောင် ခုထိ လာလုနေကြတုန်းပဲ””ဟုကိုင်း တောင်သူကြီး တစ်ဦးလည်းဖြစ်၊ ရပ်မိရပ်ဖတစ်ဦးလည်း ဖြစ်သည့် ဦးသိန်းအေးက ရှင်းပြသည်။

အဆိုပါ အလယ်ကင်းနှင့် သက္ကယ်ကျွန်းကျေးရွာ (၂) ရွာသည် ယခင်က ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်အပိုင် ဖြစ်ခဲ့သော်လည်း အလယ်ကင်းကျေးရွာသည် ၁၉၉၉ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီးသို့ ပြောင်းရွှေ့ ၀င်ရောက်ခဲ့ပြီး နောက်ပိုင်းမှ ယခုကဲ့သို့ အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ရာ (၅)ဦးစပ် ကျောက်တိုင်ဖြစ်သည့် မြစ်ကို အရှေ့အနောက် ကန့်လန့်ဖြတ်၍ ကြွေပုဂံချောင်း ကိုငတင်လေး+ဒေါ်မယ်ပုထန်းပင်မှ စိန်ကလေး ဒေါ်မယ်စိန် အုန်းပင်သို့လည်းကောင်း၊ မြောက်ဘက်မှ တောင်ဘက်သို့ ချောင်းကြီး အောက်ဖျားမှ အလယ်(၅)ဦး စပ်ကျောက်တိုင် ၎င်းမှ သာရဝေါ လက်ပံပင်သို့ လည်းကောင်း သတ်မှတ်ထားချက်အား ပြန်လည်ဖော်ထုတ် ဆောင်ရွက်မည် ဆိုပါက အလယ်ကင်း ကျေးရွာဘက်မှ လက်သင့်ခံမည် ဖြစ်သလို သက္ကယ်ကျွန်း ဘက်မှလည်း ပေါ်သစ်ကျွန်းအား ၃ ပုံ ၂ပုံ ခွဲဝေယူရန် သဘောထားရှိရာ ယခုချိန်ထိ ညှိနှိုင်းမှု မပြေလည်သေးဘဲ ရန်ကုန်တိုင်း ဒေသကြီးဘက်မှ မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအ၀င် အင်အား (၃၀) ဖြင့် လုံခြုံရေး ယူပေးနေရကြောင်း သတင်းရရှိသည်။

ယခုနှစ် မေလ ၁၈ ရက်နေ့က ၄င်းမြေနုကျွန်း အငြင်းပွားသည့် နေရာသို့ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ ဖြစ်ကြသော ကြံ့ခိုင်ရေးပါတီမှ ဦးစန်းမောင်နှင့် ဦးစိုးမင်းတို့ လာရောက်ပြီး ပိုင်ဆိုင်မှုကို အပြန်အလှန် ပြောခဲ့ကြောင်း၊ ပြဿနာ ဖြစ်ပွားချိန် မတိုင်မီ အစိုးရ၀န်ကြီးများ လာရောက် ဖြေရှင်းပေးမည်ကို ဒေသခံများ မျှော်လင့် ခဲ့ကြသော်လည်း မလာရောက်ခဲ့ကြောင်း ဒေသခံ ကြံ့ခိုင်ရေး ကော်မတီဝင်တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရွှေမြင့်စိုး-အဖျောက်

မြန်မာသံတော်ဆင့်