ပုဂံတွင် လေးနေရာ အင်တာနက် အခမဲ့အသုံးပြုနိုင်

ပို့စ်တင်ချိန် - 11/02/2013 04:52:00 PM



မြန်မာနိုင်ငံ၏ ခရီးသွား ဝင်ရောက်မှု အများဆုံး နေရာတစ်ခုဖြစ်သော ပုဂံဒေသ၏ အထင်ကရ နေရာလေးခုတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်ရန် Red Link ကုမ္ပဏီက ဆောင်ရွက်ပေးထားကြောင်း ယင်းကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောကြားသည်။

ပုဂံဒေသသည် နိုင်ငံတကာ အသိအမှတ်ပြု ရှေးဟောင်းဒေသ ဖြစ်ခြင်း၊ နိုင်ငံခြား ခရီးသွားများ အများဆုံး ဝင်ရောက်ခြင်းတို့ကြောင့် ခရီးသွားများ အဆင်ပြေစေရန် နည်းပညာ အလှူတစ်ခုကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပုဂံ တန်ခိုးကြီး ဘုရားများဖြစ်သော ရွှေဆံတော်ဘုရား၊ ရွှေစည်းခုံဘုရား၊ သဗ္ဗညုဘုရားနှင့် ပုဂံ-ညောင်ဦး လေဆိပ်တို့တွင် စီစဉ်ပေးထားပြီး လူတစ်ဦးလျှင် 64 KB မှ 128 KB အထိ မြန်နှုန်းရရှိရန် စီစဉ်ပေးထားကြောင်း ၎င်းကရှင်းပြသည်။
“အခုနောက်ပိုင်း အင်တာနက် သုံးတဲ့လူ အရမ်းများလာတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ လုပ်ပေးတော့ အရမ်းကောင်းပါတယ်” ဟု နယ်သတင်းထောက်တစ်ဦးက ပြောကြားသည်။

Red Link ကုမ္ပဏီအနေဖြင့် ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာ Public Area များတွင် Wifi အသုံးပြုနိုင်ရန် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ရွှေတိဂုံ စေတီတော်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ်တို့ကို လတ်တလော ရည်ရွယ်ထားပြီး SEA Games အားကစားပြိုင်ပွဲအမီ နေရာနှစ်နေရာခန့် အသုံးပြုနိုင်ရန် စီစဉ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Red Link ကုမ္ပဏီသည် ရန်ကုန်နှင့် ငွေဆောင်ကမ်းခြေ တို့တွင်လည်း SEA Games ကာလအတွင်း အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်နေသည်။

The Voice Weekly