အီဂျစ်သမ္မတဟောင်းမော်စီကို အမှုစတင်စစ်ဆေးပြီးနောက် ဇန်နဝါရီလသို့ အမှုရွှေ့ဆိုင်း

ပို့စ်တင်ချိန် - 11/06/2013 10:52:00 AM


ကိုင်ရို၊ နိုဝင်ဘာ ၎

အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီကို ယနေ့ စတင်အမှုစစ်ဆေးရာတွင် တရားသူကြီး၏ မေးမြန်းချက်ကို ဖြေကြားရာ၌ ၄င်းကို တရားစွဲဆိုထားခြင်းသည် တရားမဝင်ကြောင်းနှင့် ၄င်းသည် အီဂျစ် သမ္မတအဖြစ် ရှိနေသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အီဂျစ်သမ္မတဟောင်း မော်စီအပါအဝင် မွတ်ဆလင်ညီအစ်ကိုများအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင် ၁၄ ဦးကို ၂၀၁၂ ခုနှစ် က သမ္မတအိမ်တော် အပြင်ဘက်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲတွင် မွတ်ဆလင် ညီအစ်ကိုများ အဖွဲ့ကို ထောက်ခံသူနှင့် ဆန့်ကျင်သူများ ပဋိပက္ခဖြစ်ပွားစေရန် လှုံ့ဆော်မှုဖြင့် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

အီဂျစ်သမ္မတဟောင်း မော်စီကို တနင်္လာနေ့ အစောပိုင်းက မြို့တော်ကိုင်ရိုမှ တစ်နာရီကျော်ကြာ သွားရသည့် အီဂျစ်ရဲ အကယ်ဒမီဝင်းတွင်းသို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်လာခဲ့ပြီး ကျန်ရှိသော မွတ်ဆလင်ညီအစ်ကိုများ အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် အက်ဆန်အယ်လ်အာရင် စသည့် ၁၄ ဦးကို ကျည်ကာယာဉ်များဖြင့် ခေါ်ဆောင်လာခြင်းဖြစ်သည်။

အီဂျစ်သမ္မတ မော်စီကို ဇူလိုင်လ ၃ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ပထမဆုံးအဖြစ် အရပ်ဝတ်ဖြင့် ခပ်လှမ်းလှမ်းမှ တွေ့မြင်ရကြောင်း အီဂျစ်ရေဒီယိုက ဖော်ပြထားပြီး တရားရုံးတွင်းသို့ ဂျာနယ်လစ်များ ဝင်ရောက် ခွင့်ပြုခဲ့သော်လည်း ၄င်း၏ရုပ်ပုံကို မည်သည့် ရုပ်သံသတင်းဌာန ကမျှ ထုတ်လွှင့်ခဲ့ခြင်း မရှိပေ။

၎င်းကို အမှုစစ်ဆေးစဉ် တရားသူကြီးက နာမည်မေးမြန်းရာတွင် “ကျွန်တော်ဟာ အီဂျစ်သမ္မတ ဒေါက်တာမိုဟာမက်မော်စီပါ။ ကျွန်တော်ဟာ အီဂျစ်နိုင်ငံရဲ့ တရားဝင်သမ္မတ ဖြစ်တယ်။ ဒီတရားရုံးရဲ့ အမှုစစ်ဆေးခြင်းကို ငြင်းဆိုတယ်” ဟု ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ဖြစ်ပွားခဲ့ပြီးနောက် ၄င်းကို အမှုစစ်ဆေးခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပြီး အမှုစစ်ဆေးခြင်းကို ဇန်နဝါရီလသို့ ရွှေ့ဆိုင်းလိုက်ကြောင်း တရားသူကြီးများက ကြေညာခဲ့သည်။

အီဂျစ်ရဲအကယ်ဒမီဝင်းအတွင်းသို့ အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီ ရောက်ရှိလာပြီး မကြာမီ လူအနည်းငယ်ရှိသော အုပ်စု ရောက်ရှိလာရာမှ လူအုပ်မှာ တဖြည်းဖြည်း များပြားလာကာ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
ဆန္ဒပြသူများက အီဂျစ်သမ္မတ ဟောင်းမော်စီကို ရာထူးမှ ဖယ်ရှားခဲ့သော ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတက်ကို “လူလိမ်” ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြ ပြီးနောက် ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

ထို့ပြင် မြို့တော်ကိုင်ရိုတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ကိုင်ရိုမြို့လယ်ကောင်ရှိ တရားရုံးချုပ်နှင့် အခြေခံဥပဒေ တရားရုံးချုပ် အပြင်ဘက်တို့တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
The Voice Weekly