လွှတ်တော် ကိုယ်စားလှယ်များအတွက် ဝန်ထမ်းတစ်ဦးစီ ခန့်ခွင့် ဥပဒေကြမ်းတွင် ပါရှိဟုဆို

ပို့စ်တင်ချိန် - 11/20/2013 09:50:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၁၈

လွှတ်တော် ကိုယ်စားလှယ်များအတွက် ဝန်ထမ်းတစ်ဦးစီ ခန့်အပ်ခွင့်ပြုရန် လွှတ်တော် ကိုယ်စားလှယ်များ ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းတွင် ထည့်သွင်း ရေးဆွဲထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းရာတွင် လိုအပ်သော အထောက်အထားများ ဖြစ်သည့် ဥပဒေများ၊ အစိုးရဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် အချက်အလက်များကို ရှာဖွေ ရေးသားခြင်း၊ စာစီခြင်း၊ မိတ္တူကူးခြင်းတို့ကို ကိုယ်တိုင် ပြုလုပ်ရသဖြင့် လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနှင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် အခက်အခဲ ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြသည်။
“တစ်ခုကို အာရုံစိုက်လုပ်နေရင် တခြားဟာတွေမှာ ဝင်ဆွေးနွေးချင်ပေမယ့် မဆွေးနွေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

ဝန်ထမ်း ရွေးချယ် ခန့်အပ်ရာတွင် လွှတ်တော် ကိုယ်စားလှယ်ကိုယ်တိုင် အဆင်သင့်သလို ခန့်အပ်ခွင့် ပြုသင့်ပြီး ဝန်ထမ်းဆိုင်ရာ ပညာအရည်အချင်း သတ်မှတ်ချက်များကို လိုအပ်မှသာ ဥပဒေဖြင့် သတ်မှတ်ပြဋ္ဌာန်း သင့်ကြောင်း ဦးရဲထွန်းက အကြံပြုသည်။

အမေရိကန် ပြည်ထောင်စုတွင်မူ လွှတ်တော် အမတ်တစ်ဦးအတွက် ဝန်ထမ်း ၁၄ ဦးအထိ ခန့်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း၊ အချို့ဝန်ထမ်းများကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်ဟောင်းများက ရွေးချယ် ခန့်ထားတတ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ရှင်းပြသည်။

ယင်းလွှတ်တော် ကိုယ်စားလှယ်များဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်းကို နောက်ထပ် ခေါ်ယူမည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဖြည့်စွက် ပြောကြားသည်။
The Voice Weekly