မန္တလေးတွင် အိမ်၊ ခြံ၊ မြေအရောင်းအဝယ် ယာယီစာချုပ်များ ဆောင်ရွက်ပေးမှုရပ်ဆိုင်း

ပို့စ်တင်ချိန် - 11/05/2013 05:12:00 PM


မန္တလေး၊ နိုဝင်ဘာ ၎

မန္တလေးတိုင်းဒေသကြီး မြေစာရင်း ဦးစီးဌာနတွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ယာယီစာချုပ်များ ပြုလုပ်ခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ရပ်ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

အိမ်၊ ခြံ၊ မြေများကို အရောင်းအဝယ် ပြုလုပ်ကြရာ၌ သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးမှူးရုံး များတွင် အခွန်ဆောင်ရန် ကနဦး စတင်ဆောင်ရွက်ရမည် ဖြစ်ပြီး မြေစာရင်း ဦးစီးဌာနတွင် ယာယီစာချုပ်များ ပြုလုပ်မပေးတော့ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က နိုဝင်ဘာ ၁ ရက် နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ထားခြင်း ဖြစ်ကြောင်း ၄င်းကပြောကြားသည်။

ယခင်အစိုးရ လက်ထက်မှ လက်ရှိ အောက်တိုဘာ ၃၁ ရက်နေ့အထိ မန္တလေး၌ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရာတွင် ကနဦးအဖြစ် မြေစာရင်းဦးစီး ဌာနသို့ လာရောက်ပြီး ယာယီစာချုပ်ချုပ် ဆိုကာ အိမ်၊ ခြံ၊ မြေ တန်ဖိုးစိစစ်သတ်မှတ်ရေး ကော်မတီသို့ တင်ပြပြီး အဆိုပါအဖွဲ့က အရောင်းအဝယ်ဈေးနှုန်း သတ်မှတ်ကာ အခွန်ဆောင်ပြီးနောက် မြေစာရင်း ဦးစီးဌာန တွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ပြုလုပ်ရကြောင်း ၄င်းကဆိုသည်။

မန္တလေးအိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးနှုန်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ မြေစာရင်း၊ စည်ပင်သာယာရေး ကော်မတီ၊ ရဲတပ်ဖွဲ့၊ စီမံကိန်း ဦးစီးဌာန၊ အခွန်ဌာနတို့ စုပေါင်းကာ ဖွဲ့ထားသည့် တန်ဖိုးစိစစ်သတ်မှတ်ရေး ကော်မတီက သတ်မှတ်ခြင်းဖြစ်ပြီး အဆိုပါ ကော်မတီက သတ်မှတ်ပေးသည့် ဈေးနှုန်းအရ မြေစာရင်း ဦးစီးဌာနက မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးကြောင်း မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီနည်းလမ်းက တစ်ခုကောင်းတယ်။ တစ်ခုမကောင်းဘူး၊ အရင်က အရောင်းအဝယ်စာချုပ် ချုပ်ပြီး ခြောက်လအတွင်း ကြိုက်တဲ့အချိန် အခွန်ဆောင်ဖို့ တင်လို့ရတော့ အရောင်းအဝယ်အရင် လုပ်ထားပြီး နောက်မှ အခွန်ဆောင်လို့ ရတယ်။ ခုကျတော့ လက်ထဲ အခွန်ဆောင်ဖို့ ပိုက်ဆံရှိမှ အရောင်းအဝယ် လုပ်ရမယ့် အနေအထား ဖြစ်နေတယ်။ ကောင်းတာကတော့ အခွန်ဆောင်ပြီး အရောင်းအဝယ် မှတ်ပုံတင်စာချုပ် မြန်မြန်ထွက်လာတာပေါ့” ဟု မန္တလေးမြို့တော် အခြေစိုက် လုပ်သက်ရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးတင်မောင်က ဆိုသည်။

ယင်းကဲ့သို့ အရောင်းအဝယ် ပြုလုပ်ရာတွင် အခွန်ဆောင်ရန် ငွေကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဈေးကွက် လက်ရှိထက် ပိုအေးလာနိုင်ပြီး တစ်နေရာနှင့် တစ်နေရာ ရာဖြတ်တန်ဖိုး သတ်မှတ်မှု မတူညီသည့် အတွက် အခွန်ဆောင်ရ နည်းသည့် ရပ်ကွက်များတွင် အရောင်းအဝယ် ရွေးဖြစ်သည့် အနေအထား ဖြစ်လာနိုင်ကြောင်း ၄င်းက ဈေးကွက်အနေအထားကို သုံးသပ် ပြောကြားသည်။

လက်ရှိမန္တလေးအိမ်၊ ခြံ၊ မြေအရောင်း အဝယ်ဈေးကွက်သည် မြို့တွင်းပိုင်း အငှားချထားနိုင်သည့် အကွက်များ အရောင်းအဝယ် ဖြစ်နေပြီး လူနေနည်းပါးသေးသည့် မြေကွက်များ အရောင်းအဝယ် မဖြစ်ကြောင်း မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly