ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် လမ်း ၁၀ လမ်း ထပ်မံတိုးချဲ့သတ်မှတ်

ပို့စ်တင်ချိန် - 11/22/2013 11:00:00 AM

စက်တင်ဘာလက ယာဉ်မရပ်ရ လမ်းအဖြစ် ထပ်မံတိုးချဲ့မည့် ဦးချစ်မောင် လမ်းတစ်လျှောက် ယာဉ်ကြော ပိတ်ဆို့နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် လမ်း ၁၀ လမ်း ထပ်မံတိုးချဲ့ သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က နိုဝင်ဘာ ၂၁ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ ထပ်မံတိုးချဲ့ခဲ့သည့် လမ်း ၁၀ လမ်းကို ယခုရက်ပိုင်းအတွင်း အများပြည်သူအား သိရှိရန် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ၀န်ကြီးဦးအောင်ခင်က ပြောကြားသည်။

ယခုလက်ရှိ အချိန်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် လမ်း ၃၇ လမ်းကို သတ်မှတ်ထားကြောင်း သိရသည်။

''ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ ထပ်မံပြီးတော့ ယာဉ်မရပ်ရ လမ်းအဖြစ် သတ်မှတ်လိုက်တဲ့ စာရင်းကို ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ လမ်းမကြီးတွေအားလုံး လမ်းအပြည့်အ၀ အသုံးချနိုင်ဖို့အတွက် ဖြစ်ပါတယ်'' ဟု လမ်းပန်း ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ဆက်လက် ပြောကြားသည်။

''အခုယာဉ်မရပ်ရ လမ်းအဖြစ် သတ်မှတ်ထားတဲ့ လမ်းမတွေပေါ်မှာ စည်းကမ်းမဲ့စွာ ရပ်နေတဲ့ ယာဉ်တွေကို ဖယ်ရှားအရေးယူတဲ့ အခါမှာလည်း ယာဉ်ပိုင်ရှင်တွေက စည်းကမ်းလိုက်နာမှု အားနည်းနေတာကို တွေ့ရတယ်။ ဖယ်ရှားအရေးယူတဲ့ အဖွဲ့က ပြန်သွားရင် သိပ်မကြာခင်မှာဘဲ ပြန်ပြီးရပ်နေကြတယ်'' ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးက ပြောကြားသည်။

ယာဉ်မရပ်ရ လမ်းများအဖြစ် ထပ်မံတိုးချဲ့လိုက်သည့် လမ်း ၁၀ လမ်းမှာ မင်းရဲကျော်စွာလမ်း၊ ကံဘဲ့လမ်း၊ စက်ရုံလမ်း၊ စက်မှု (၁) လမ်း၊ ဦးချစ်မောင်လမ်း၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ အထက် -အောက် ကြည့်မြင်တိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဆရာစံလမ်း၊ ကျိုက္ကဆံလမ်း ၊ ဗညားဒလလမ်းတို့ ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စည်းကမ်းမဲ့စွာ လမ်းမကြီးများတွင် ယာဉ်ရပ်ထားမှုကြောင့် မကြာခဏ အရေးယူခံရသည့် ယာဉ်ပိုင်ရှင်များကို ဒဏ်ငွေတိုးမြှင့် ရိုက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာမှ သိရသည်။

အဆိုပါကဲ့သို့ လမ်းမကြီးများတွင် ယာဉ်ရပ်နားမှု တားမြစ်ထားခြင်းကြောင့် ယာဉ်ပိုင်ရှင်များ အနေဖြင့် ယာဉ်အများစု လုံလောက်စွာ ရပ်နားနိုင်သည့် ကားပါကင်များကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်ပေးရန် လိုလားလျက် ရှိနေကြောင်း စုံစမ်းသိရသည်။

Eleven Media Group