ထားဝယ်အထူး စီးပွားရေးဇုန်တွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဆက်လက် လုပ်ဆောင်မည်ဟု အီတာလျံ-ထိုင်း ကုမ္ပဏီ ပြောကြား

ပို့စ်တင်ချိန် - 11/22/2013 11:46:00 AM


ထားဝယ်အထူးစီးပွားရေး ဇုန်အတွင်းရှိ စီမံကိန်းလုပ်ငန်းခွင် တစ်နေရာအား နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဖြိုးဇင်)
အရင်းအနှီး လုံလောက်မှု မရှိသောကြောင့် ထားဝယ်အထူး စီးပွားရေးဇုန်တွင် ပါဝင်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို အီတာလျံ-ထိုင်းကုမ္ပဏီ (ITD)က ရပ်ဆိုင်းတော့မည်ဆိုသည့် သတင်းများမှာ မှန်ကန်မှုမရှိဘဲ ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက နိုဝင်ဘာ ၂၀ ရက်က အတည်ပြု ပြောကြားလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
ITD ၏ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတာဝန်ရှိသူ အကြီးတန်း အမှုဆောင် အရာရှိတစ်ဦးက ယင်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန်အတွက် မိမိတို့ကုမ္ပဏီ လုံလောက်သော ငွေကြေးရှိကြောင်းနှင့် ဆက်လက်လုပ်ဆောင်ရန် မြန်မာအစိုးရနှင့်လည်း ဆက်သွယ် အကြောင်းကြားထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
''ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကနေ ITD ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ ကုမ္ပဏီအနေနဲ့ လိုအပ်တဲ့အရင်းအနှီးကို ရှာဖွေရာမှာ ထိုင်းနဲ့ မြန်မာအစိုးရတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် စီမံကိန်းဟာ တိုးတက်မှုရှိပါတယ်'' ဟု သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူ အသစ်များကို ဆွဲဆောင်ပြီး လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်းရန် အတွက် တည်ဆောက်ရေး လုပ်ငန်းများကို မကြာသေးမီက ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပြီးတာနဲ့ ITD အနေနဲ့ စီမံကိန်းကို ဆက်လက် လုပ်ဆောင်ခွင့် ရရှိထားပြီး တည်ဆောက်ရေး လုပ်ငန်းတွေကို ချက်ချင်းစတင်သွားမှာ ဖြစ်ပါတယ်'' ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားသည်။ ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာ သုံးခုကို နှစ်ဖက်အစိုးရတို့က နိုဝင်ဘာ ၂၁ ရက်တွင် ဘန်ကောက်မြို့၌ လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။
ရေးထိုးမည့် နားလည်မှု စာချွန်လွှာများ အနက်မှတစ်ခုတွင် ထားဝယ်အထူး စီးပွားရေးဇုန် လုပ်ကိုင်ခွင့်အား ITD က Dawei SEZ Development Co (DSEZ) သို့ ပြန်လည်လွှဲပြောင်း ပေးခြင်းဖြစ်ပြီး အဆိုပါစီမံကိန်း တစ်ခုလုံးတွင် ဆိပ်ကမ်း၊ လမ်းနှင့် ရထားလမ်းများ၊ ဓာတ်အားပေးစက်ရုံများ၊ ရေပေးဝေမှု၊ စက်မှုဇုန်၊ ဆက်သွယ်ရေးကွန်ရက်နှင့် မြို့တည်ဆောက်ခြင်းတို့ ပါဝင်ပြီး ဒုတိယနားလည်မှု စာချွန်လွှာတွင် ITD နှင့် မြန်မာအစိုးရတို့အကြား စီမံကိန်း တစ်ခုလုံးနှင့် ဆိုင်သည့် ခွင့်ပြုချက်ကို ဖျက်သိမ်းရန်နှင့် တတိယ စာချွန်လွှာတွင် နောက်ထပ်ရောက်ရှိလာမည့် ရင်းနှီးမြှုပ်နှံသူ အသစ်များက စီမံကိန်းတွင် ITD ရင်းနှီးမြှုပ်နှံ ထားသည်များကို ပြန်ပေးရန်တို့ ပါဝင်မည် ဖြစ်သည်။
လွှဲပြောင်းမှုများ လုပ်ဆောင်ပြီးသည့် အချိန်တွင် ITD က ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ဆောင်ရွက်မှုအားလုံးကို ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့် စီမံကိန်းအဆင့်များအတွက် မြန်မာအစိုးရက လုပ်ငန်းတင်ဒါများ ခေါ်ယူသွားမည် ဖြစ်ကာ အဆိုပါ ခေါ်ယူမှုအတွက် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်သွားလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Eleven Media Group