ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရေး နည်းဥပဒေ ၂၀၁၄ ခုနှစ်ဆန်းမှသာ ထုတ်ပြန်တော့မည်

ပို့စ်တင်ချိန် - 11/25/2013 01:58:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၄

စတော့အိတ်ချိန်းကို အဓိက ထိန်းကျောင်းမည့် ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး နည်းဥပဒေကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှသာ ထုတ်ပြန်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC) မှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရေး နည်းဥပဒေကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်နိုင်ရန် တာဝန်ရှိသူများက ပြောဆို ထားသော်လည်း ယင်းနည်းဥပဒေသည် အင်္ဂလိပ် ဘာသာဖြင့် ရေးဆွဲပြီး မြန်မာဘာသာ ပြန်ဆိုရဦးမည် ဖြစ်သည့်အတွက် ထုတ်ပြန်မည့်ရက် နောက်ဆုတ်သွားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရေး နည်းဥပဒေ ထွက်ရှိပြီး နောက်တွင် စတော့အိတ်ချိန်းကို ကြီးကြပ် ကွပ်ကဲမည့် ငွေချေးသက်သေခံ လက်မှတ်များ ကြီးကြပ်ရေး ကော်မရှင် (SEC) ကို ဖွဲ့စည်းသွားမည် ဖြစ်ပြီး SEC က စတော့အိတ်ချိန်းတွင် သက်ဆိုင်ရာ လုပ်ငန်းအလိုက် ပါဝင်မည့် ကုမ္ပဏီများကို စိစစ်ကာ လိုင်စင်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေတွင် ဖော်ပြထားသည်။

ရန်ကုန် စတော့အိတ်ချိန်းကို ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပြီး စတော့အိတ်ချိန်းနှင့် ကောင်တာဈေးကွက် လုပ်ကိုင်ခွင့်တို့ကို မြန်မာ့စီးပွားရေး ဘဏ်နှင့် ငွေကြေး အဖွဲ့အစည်း မဟုတ်သော အဖွဲ့အစည်း တစ်ခုတို့ ဖက်စပ် လုပ်ကိုင်ခွင့် ပြုနိုင်ကြောင်း ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အရင်းအနှီးဈေးကွက် ပေါ်ပေါက်ရေးအတွက် ၁၉၉၆ ခုနှစ်တွင် မြန်မာ့ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC) ကို ဒိုင်ဝါ လုပ်ငန်းစုနှင့် မြန်မာ့စီးပွားရေး ဘဏ်တို့သည် မတည် အရင်းအနှီး အမေရိကန် ဒေါ်လာ ၃ ဒသမ ၈ သန်းကို ၅၀ ရာခိုင်နှုန်းစီ အကျိုးတူ ပူးပေါင်းကာ တည်ထောင်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ တိုကျို စတော့အိတ်ချိန်းနှင့် ဒိုင်ဝါ လုပ်ငန်းစုတို့သည် နားလည်မှု သဘောတူစာချုပ် ချုပ်ဆိုထားပြီး အိုင်တီ နည်းပညာပိုင်းနှင့် စတော့ရှယ်ယာ ရောင်းဝယ်ရေး လုပ်ထုံးလုပ်နည်း နည်းဥပဒေများကို တိုကျို စတော့အိတ်ချိန်းက ကူညီ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ဒိုင်ဝါ လုပ်ငန်းစု (Daiwa Group) ၏ ဒါရိုက်တာ မစ္စတာရှင်စုကဲဂိုတို (Shinsuke GOTO) က ပြောကြားထားသည်။
The Voice Weekly