ကာချုပ်ခရီးစဉ်ရှိ၍ ထားဝယ်မြေသိမ်းခံလယ်သမားများ ဆန္ဒပြခွင့်မရ

ပို့စ်တင်ချိန် - 11/27/2013 09:36:00 PM


သိမ်းဆည်းခံ လယ်ယာမြေများအတွက် ထားဝယ်လယ်သမားများ ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာသို့ တင်ပြရာတွင် ခွင့်ပြုချက်မရရှိကြောင်း လယ်သမားအဖွဲ့အစည်းထံမှ သတင်းရရှိသည်။

အဆိုပါနေ့များတွင် ထားဝယ်ဘုရားကြီးပြတိုက်ဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်မှ သိမ်းဆည်းခံလယ်သမားများ ဆန္ဒထုတ်ဖော်ရန် သတ်မှတ်ထားသော ဒီဇင်ဘာ ၄ ရက်သည် ပုဒ်မ (၈)၊ ပုဒ်မ ခွဲ(င)ပါ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်စည်းကမ်းချက်တွင်ပါရှိသည့် အခမ်းအနားကြီးများနှင့် တိုက်ဆိုင်နေခြင်း၊ တပ်မတော်အကြီးအကဲ ရောက်ရှိမည့်ကာလဖြစ်ခြင်းတို့ကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထားဝယ်ဒေသတွင် သိမ်းဆည်းခံ လယ်ယာမြေများအတွက် ခံစားခွင့်များ ပြန်လည်ရရှိရန် တောင်သူလယ်သမားများသည် နိုဝင်ဘာ ၁၁ ရက်၌ ထားဝယ်မြို့အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သော်လည်း တာဝန်ရှိသူများက တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသည့်အတွက် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ရန်  နိုဝင်ဘာ ၂၅ ရက်က ခွင့်ပြုချက်တောင်းခံခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက လျှောက်လွှာကို လက်မခံဘဲ ပြန်လည်ပေးအပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရန် တစ်ပတ် ကြိုတင်ခွင့်ပြုချက်တောင်းခံရသောကြောင့် လယ်သမားအဖွဲ့အစည်းက နိုဝင်ဘာ ၂၂ ရက်က သွားရောက်လျှောက်ထားသော်လည်း တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းမရှိသောကြောင့် ရက်ရွှေ့လျှောက်ထားရခြင်းဖြစ်သည်ဟု ဆိုသည်။

““လာမယ့်လထဲမှာဆိုရင် လုပ်ရမယ့်ရက်က မရှိတော့ဘူး။ ဆီးဂိမ်းကာလရောက်လာပြီ။ ဇန်န၀ါရီလမှ ခွင့်ပြုချက်ရမယ်ဆိုရင် လယ်တွေထဲမှာက ဆောက်လုပ်ရေးလုပ်ငန်းတွေက တော်တော်လေးပြီးနေတော့မှာ သူတို့က စီမံကိန်းတွေကို နားထားမှာမဟုတ်ဘူး”” ဟု ဦးဆောင်သူ ဒေါ်ရီရီထွေးက ပြောသည်။

ဆန္ဒပြရာတွင် ကိုင်ဆောင်သော ဆိုင်းဘုတ်များတွင် တပ်မတော်၏စီမံကိန်းများကို ချက်ချင်းရပ်ဆိုသည့် စာသားများကို အသုံးမပြုရန် တားမြစ်ထားသည်ဟု ဆိုသည်။
““ကျွန်မတို့မှာက လယ်သမားတွေသာ မဟုတ်ဘူး။ အဲဒီတပ်တွေကသိမ်းထားတဲ့ ဥယျာဉ်ခြံမြေပိုင်ရှင်တွေပါ ပါတယ်။ ကျွန်မတို့လိုအပ်တာက အစိုးရ၊ တပ်နဲ့ ကုမ္ပဏီတွေအတွက် သိမ်းထားတဲ့ နေရာတွေအားလုံးကို ဆက်လက်အကောင်အထည်ဖော်နေတာတွေ ရပ်ထားပြီး ပြည်သူတွေရဲ့ နစ်နာမှုတွေကို ညှိနှိုင်းပေးစေချင်တာ”” ဟု လယ်သိမ်းခံထားရသူ ဒေါ်ရွှေစင်ယုက ပြောသည်။

7day Daily