တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက် လာသဖြင့် ရေဘေးဒုက္ခသည် ၃၀၀၀၀ နီးပါး ရှိလာပြီး စာသင်ကျောင်း များလည်း ပိတ်ထားရ

ပို့စ်တင်ချိန် - 11/01/2013 02:38:00 PM


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက်ခြင်းကြောင့် ရေဘေးဒုက္ခသည် သောင်းဂဏန်းကျော် ရှိလာပြီး ခရိုင်အတွင်း မြို့နယ်များမှ စာသင်ကျောင်းများလည်း အရေးပေါ် ပိတ်ထားရကြောင်း သိရသည်။

တောင်ငူခရိုင်တွင် စစ်တောင်းမြစ်ရေသည် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှ စတင်ကာ တောင်ငူမြို့၏ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက် ၆၂၄ စင်တီမီတာသို့ ရောက်ရှိလာခဲ့ပြီး ၃၀ ရက်နှင့် ၃၁ ရက်များတွင် မြစ်ရေကျဆင်း သွားခြင်းမရှိဘဲ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ၁၂ နာရီခွဲ အချိန် တိုင်းထွာချက်အရ ၇၁၂ စင်တီမီတာသို့ စံချိန်တင် မြင့်တက်လာခဲ့ရာ ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ် ထားခဲ့ရကြောင်း သိရသည်။

ယခုကဲ့သို့ စစ်တောင်းမြစ်ရေ ကျဆင်းသွားခြင်း မရှိဘဲ ထပ်မံမြင့်တက် လာခြင်းမှာ တောင်ငူခရိုင် အတွင်း မိုးရွာသွန်းမှုကြောင့် မဟုတ်ဘဲ အဖြေရှာ မရသေးကြောင်း တောင်ငူခရိုင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး၊ မြစ်ချောင်းနံဘေး ရေဘေးကြုံတွေ့ နေရသူများက ခရိုင်အတွင်းရှိ ဆည်တမံများမှ ရေလွှတ်ခြင်းကြောင့်ဟု ပြောဆိုမှုများရှိပြီး ဆည်ရေလွှတ်ခြင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုတင်အသိပေး ကြညာခြင်း မရှိဟု ပြောဆိုကြသည်။

တောင်ငူမြို့တွင် အောက်တိုဘာ ၃၁ ရက် နံနက် ၆ နာရီအချိန် စာရင်းအရ ကယ်ဆယ်ရေး စခန်းပေါင်း ၃၀ အထိ ဖွင့်လှစ်ထားရှိပြီး ရေဘေးကြောင့် ရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စု ၂၇၆၇ နှင့်လူဦးရေ ၁၁၈၄၇ ဦးရှိခဲ့ပြီး ထပ်မံတိုးလာနိုင်ကြောင်း တောင်ငူမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။ ရေတာရှည်မြို့နယ်တွင် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီ စာရင်းအရ၊ ကျေးရွာပေါင်း ၅၁ ရွာမှ အိမ်ထောင်စုပေါင်း ၄၄၈၁ စု၊ လူဦးရေ ၁၇၆၁၉ ဦး နီးစပ်ရာ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းနေထိုင်လျက် ရှိကြောင်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ သိရသည်။

ထို့အပြင်ရေဘေး အန္တရာယ်ကြောင့် တောင်ငူခရိုင်အတွင်း၊ အောက်တိုဘာ ၃၁ ရက်နံနက် ၉ နာရီ စာရင်းအရ တောင်ငူမြို့နယ်မှ စာသင်ကျောင်း ၃၃ ကျောင်း၊ ရေတာရှည်မြို့နယ်မှ ၄၈ ကျောင်း၊ အုတ်တွင်း မြို့နယ်မှ ၆ ကျောင်း၊ ထန်းတပင် မြို့နယ်မှ ၅ ကျောင်း စုစုပေါင်း စာသင်ကျောင်း ၉၂ ကျောင်း အရေးပေါ် ပိတ်ထားရကြောင်းနှင့် ကျောင်းပြန်ဖွင့်ချိန် ကာလတွင် ကျောင်းပိတ်ရက်များအား အစားထိုးပြန်လည် သင်ကြားပေးသွားမည် ဖြစ်ကြောင်း တောင်ငူခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

(တောင်ငူမြို့နယ်အတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းတစ်ခုရှိ ရေဘေးရှောင် ဒုက္ခသည်များအား တွေ့ရစဉ်)
Eleven Media Group