မန္တလေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေစံနှုန်း သတ်မှတ်ချက် နိုဝင်ဘာလအတွင်း ထွက်ရှိမည်

ပို့စ်တင်ချိန် - 11/10/2013 06:25:00 PM


မန္တလေး၊ နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အိမ်၊ ခြံ၊ မြေများ၏ ကာလပေါက်ဈေးအလိုက် စံနှုန်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရက သတ်မှတ် အတည်ပြုပြီးပါက ပြည်ထောင်စုအစိုး၏ အတည်ပြုချက်ဖြင့် နိုဝင်ဘာလ အတွင်း ထွက်ရှိလာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ကြူက နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သော ရှေးဟောင်းနှင့် အခွန်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
“တိုင်းဒေသကြီးအဆင့် အတည်ပြုပြီးရင် ပြည်ထောင်စုအဆင့်ကို အတည်ပြုချက် ရယူရမှာပါ။ တိုင်းဒေသကြီး အစိုးရက အတည်ပြုပြီးရင် ပြည်ထောင်စုအဆင့်က အတည်ပြုတာ များပါတယ်” ဟု ဒေါက်တာမြင့်ကြူက အဆိုပါ ရှင်းလင်းပွဲ၌ ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ စံနှုန်း ထွက်ရှိပြီးပါက မန္တလေးခရိုင်မြို့နယ်များရှိ အခွန်ရုံး အသီးသီးသို့ သွားရောက် ကြည့်ရှုနိုင်ကြောင်း ဒေါက်တာမြင့်ကြူက ပြောကြားသည်။

အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုလုပ်မည် ဆိုပါက မန္တလေးတိုင်းဒေသကြီး တန်ဖိုး စိစစ်ဆေးရေး အဖွဲ့က အဆိုပါ အိမ်၊ ခြံ၊ မြေအတွက် ပေးဆောင်ရမည့် အခွန်တံဆိပ်ခေါင်း ၇ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းတို့ကို သတ်မှတ်ပြီး စာအိတ်ဖြင့် ချိပ်ပိတ်ကာ မြို့နယ် တံဆိပ်ခေါင်းရုံးနှင့် မြို့နယ် စာချုပ်စာတမ်း ရုံးသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အဆိုပါ မြို့နယ် တံဆိပ်ခေါင်းရုံးနှင့် မြို့နယ် စာချုပ်စာတမ်းရုံးက အဆိုပါ အိမ်၊ ခြံ၊ မြေ၏ ကာလပေါက်ဈေးမှ ၃၇ ရာခိုင်နှုန်းကို အခွန်ပေးဆောင်စေ၍ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၌ မြေပိုင်ဆိုင်မှု ဂရန် လျှောက်ထားနိုင်ကြောင်း၊ မြေပိုင်ဆိုင်မှု ဂရန် မလျှောက်ထား လိုသူများက စာချုပ်စာတမ်းရုံးတွင် အရောင်းအဝယ် စာချုပ် (ပတ်ကားစာချုပ်) ချုပ်ဆိုနိုင်ကြောင်း ဒေါက်တာမြင့်ကြူက ရှင်းပြသည်။

“အရင်က စာချုပ်စာတမ်း ယာယီ မှတ်ပုံတင်ထားတာတွေကို တိုင်းအခွန်ဦးစီးကို ပို့ခိုင်းထားတယ်။ လျှော့ချုပ်ထားတဲ့ စာချုပ်စာတမ်း ယာယီ မှတ်ပုံ တင်ထားတာတွေကို တွက်ချက်ပြီး ကျသင့်တဲ့ တံဆိပ်ခေါင်းခွန်နဲ့ ဝင်ငွေခွန် ငွေပြန်လည် ကောက်ခံ သွားမှာပါ” ဟု ဒေါက်တာမြင့်ကြူက အဆိုပါ ရှင်းလင်းပွဲ၌ ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြင့်တက်လျက်ရှိသော အိမ်၊ ခြံ၊ မြေ ပေါက်ဈေးများကို အဆိုပါ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများက လျှော့ချနိုင်မည် မဟုတ်ကြောင်း၊ အဓိက ဝယ်လိုအားနှင့် ရောင်းလိုအား မမျှ၍ ဖြစ်ကြောင်း မန္တလေးမြို့ မန်းမြေရာဇာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ကုမ္ပဏီမှ လုပ်သက်ရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးကျော်ဝင်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေ ရောင်းဝယ်ရာတွင် စာချုပ်စာတမ်း ယာယီမှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရန် နိုဝင်ဘာလ ၁ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်မြေစာရင်းရုံး များသို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်၊ ခြံ၊ မြေများ၏ ကာလပေါက်ဈေး အလိုက် စံနှုန်း သတ်မှတ်ချက်များကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။
The Voice Myanmar