မောင်တော စည်ပင်ဈေးဆိုင်ခန်း နှစ်ခန်းနှင့် ဗလီမီးလောင်

ပို့စ်တင်ချိန် - 11/25/2013 01:43:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မြို့မ စည်ပင်သာယာဈေးနှင့် မောင်တော-ဘူးသီးတောင် ကားလမ်းဘေးရှိ ဗလီဟောင်းတစ်လုံး နိုဝင်ဘာလ ၂၃ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရခိုင် ပြည်နယ် သတင်းပြန်ကြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဦးလှသိန်းက ပြောကြားသည်။

မောင်တောမြို့၊ မြို့မ အနောက်ရပ်ကွက်ရှိ မြို့မ စည်ပင်သာယာဈေးတွင် ဘင်္ဂါလီ အမျိုးသား ဦးအဘူဘော်ကော် ပိုင်ဆိုင်သည့် အလှကုန်နှင့် ဖိနပ်ဆိုင်ခန်းအမှတ် 2B ၁၁/၁၂ တို့မှ ည ၇ နာရီ ဝန်းကျင်တွင် မီးစတင် လောင်ကျွမ်းခဲ့သဖြင့် ဆိုင်ခန်းနှစ်ခန်း ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ယင်းမီးလောင်မှုကြောင့် ကျပ် ၁၀ သိန်းဝန်းကျင် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုမှာ ၁၀ မိနစ် ဝန်းကျင်ခန့်သာ ကြာမြင့်ခဲ့ကြောင်း မောင်တောမြို့နယ် မီးသတ် တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
“ခြင်းဆေးခွေကနေ လောင်တာ။ အဲဒီခြင်ဆေးခွေကို ပိုင်ရှင်ရဲ့သမက်က ထားခဲ့တာ” ဟု ၎င်းက ဆိုသည်။

အလားတူ ညရှစ်နာရီ ကျော်တွင်လည်း မောင်တော- ဘူးသီးတောင် ကားလမ်းဘေးတွင် တည်ရှိသည့် ဗလီဟောင်းတစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ သို့သော်လည်း ယင်းမီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မောင်တောမြို့နယ်ရှိ ဘင်္ဂါလီ အများစု နေထိုင်သည့် ကြိမ်ချောင်း ကျေးရွာတွင်လည်း အောက်တိုဘာလ ၂၉ ရက်နေ့က ဖယောင်းတိုင်မီးမှတစ်ဆင့် ဈေးမီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၈၀ ကျော် ဆုံးရှုံးခဲ့ကြောင်း မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly