တစ်ရက်အတွင်း ကလေးငယ် အဓမ္မကျင့်ခံရ၍ တိုင်တန်းမှု နှစ်ခုထိရှိ

ပို့စ်တင်ချိန် - 11/08/2013 10:51:00 AM


ရန်ကုန်တိုင်းအတွင်း နိုဝင်ဘာ ၄ ရက် တစ်ရက်တည်းတွင် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသဖြင့် တိုင်တန်းထားမှု နှစ်ခုထိရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ပထမဖြစ်စဉ်တစ်ခုမှာ ရွှေပြည်သာမြို့နယ်တွင် နိုဝင်ဘာ ၁ ရက်ကဖြစ်ပွားထားပြီး ကာယကံရှင်၏ မိသားစုက နိုဝင်ဘာ ၄ ရက်တွင် အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်တွင် အသက် ၁၃ နှစ်ရှိ ကလေးငယ်ကို အစ်မအရင်းတော်စပ်သူ၏ ခင်ပွန်းဖြစ်သူ ၂၅ နှစ်ရှိ အမျိုးသားက သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ယင်းအဓမ္မပြုကျင့်သူကို ကာယကံရှင် ကလေးငယ်၏ အစ်မ၀မ်းက အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲ စခန်းက ပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် ရှာဖွေနေသည်။

အခြားတစ်ခုမှာ ၁၃ နှစ် ကလေးငယ်အား ဆော့ကစားနေစဉ် ရည်းစားဖြစ်သူက ကြည့်မြင်တိုင်မြို့နယ်သို့ ခေါ်ဆောင်သွားပြီး သားမယားအဖြစ်နေထိုင်ခဲ့သဖြင့် ကလေးငယ်၏မိဘများက အသက်မပြည့်သေး သည့်အတွက် အဓမ္မပြုကျင့်မှုဖြင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကိုလည်း လှိုင်သာယာ ရဲစခန်းက ပုဒ်မ ၃၆၃/၃၇၆ တို့ဖြင့် အရေးယူရန် တိုင်တန်းခံထား ရသူကို ရှာဖွေနေသည်။

ထို့ပြင် ကွမ်းခြံကုန်းမြို့နယ်တွင်လည်း အသက် ခုနစ်နှစ်ခန့်သာရှိသော ကလေးငယ်တစ်ဦးကို အသက် ၂၀နှစ် လူငယ်တစ်ဦးက သားမယားပြုကျင့်ရန် ကြံစည်လုပ်ဆောင်မှုတစ်ခု နိုဝင်ဘာ ၄ ရက်က ဖြစ်ပွား ခဲ့သေးသည်။

ယင်းဖြစ်စဉ်တွင် နေအိမ်နောက်ဖေးခန်းတွင် ခုနစ်လသားအရွယ် ကလေးငယ်နှင့် ရှိနေသော အဆိုပါ ခုနစ်နှစ်အရွယ် ကလေးငယ်ကို တစ်ရွာတည်းနေ အမျိုးသားက အိမ်ခန်းထဲထိဝင်ရောက်လာပြီး သား မယားပြုကျင့်ရန်ကြံစည်နေသည်ကို အဒေါ်တော်စပ်သူကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတကာစံနှုန်းမှာတော့ အမျိုးသမီးတွေကို အကြမ်းဖက်ရင် လုံးဝကို သီးညည်းခံစရာမလိုဘူးလို့ ပြဋ္ဌာန်းထားတယ်၊ ပြစ်မှုကျူးလွန်သူကို ပြင်းထန်ပြီး ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်ချကို ချပေးရမှာ၊ ဒါမှလည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်မှာ၊ ဒီမှာ ဒီလိုဥပဒေမျိုးတွေ လိုအပ်နေတာ” ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညို ညိုသင်းက ပြောသည်။

ထို့ပြင် ဆေးပညာရှုထောင့်အရ ရိုက်ကူးထားသော လိင်ပညာပေး ဗီဒီယိုများအား တလွဲအသုံးချနေခြင်း များနှင့် လိင်ကိစ္စပျော်ပါးနိုင်ရန် ပြည့်တန်ဆာဥပဒေများအား သတ်မှတ်ပြဋ္ဌာန်းပေးနိုင်မှု မရှိခြင်းတို့ ကြောင့် အမျိုးကောင်းသားသမီးငယ်များတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ ဖြစ်ပွားလာရခြင်း ဖြစ်သည်ဟု စီးပွားရေးနှင့် ဥပဒေလမ်းညွန် ဦးတင်သန်းဦးက ထောက်ပြပြောဆိုသည်။

အရွယ်မရောက်သေးသူ ကလေးငယ်များ အဓမ္မပြကျင့်ခံရခြင်း၏ အဓိကအကြောင်းအရင်းများမှာကလေး ငယ်အား အုပ်ထိန်းသူမပါဘဲ တစ်ဦးတည်း ပြင်ပသို့ ခိုင်းစေခြင်း၊ နေအိမ်တွင် အဖော်မဲ့တစ်ဦးတည်း ထားခြင်း၊ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း(သို့မဟုတ် )ဆွေမျိုးများအား အပ်နှံမှုမရှိခြင်းတို့ကြောင့် ဖြစ် သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက မဇ္ဈိကို ပြောပြထားသည်။

၂၀၁၃ ဇန်န၀ါရီလ မှ ဇူလိုင်လထိ အဓမ္မပြုကျင့်မှုပေါင်း ၆၀ မှု ဖြစ်ပွားခဲ့ရာတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များ အဓမ္မပြုကျင့်ခံရမှုမှာ ၃၀ မှုထိပါဝင်နေသည်။

ထို့ပြင် အဓမ္မပြုကျင့်မှု ကျူးလွန်သူများတွင်လည်း ဖခင်အရင်းက ပြုကျင့်မှုသုံးမှု၊ ပထွေးက ပြုကျင့်မှု ငါးမှု၊ ဆွေမျိုးက ပြုကျင့်မှု ၁၅ မှုနှင့် သူစိမ်းကပြုကျင့် မှု ၃၇ မှုထိ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ရန်ကုန်တိုင်းတွင် ၂၀၁၁ ခုနှစ်တွင် အဓမ္မပြုကျင့်မှု ၁၀၅ မှု၊ ၂၀၁၂ တွင် ၁၁၂ မှုထိ ဖြစ်ပွားထားသည်။

Written by  ဇော်ဇော်ထွေး

Mizzima - News in Burmese