တန်ဆောင်မုန်း လပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ လာရောက်ဖူးမြော်သူ များပြား

ပို့စ်တင်ချိန် - 11/18/2013 09:30:00 AM


နိုဝင်ဘာ ၁၇ ရက် တန်ဆောင်မုန်း လပြည့်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်၊ စွယ်တော်မြတ် စေတီတော်၊ ကမ္ဘာအေး စေတီတော်၊ ဗိုလ်တထောင် စေတီတော်၊ ကျောက်တော်ကြီးဘုရား စသည့်ရန်ကုန်မြို့ရှိ ဘုရားစေတီများတွင် ဘုရားဖူး လာရောက်ကုသိုလ် ပြုသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
"အဖွားက ကွမ်းခြံကုန်း ကျေးရွာကနေလာပြီး ဘုရားဖူးတာပါ။ ရက်ကြီးနေ့ကြီး ဆိုရင်တော့ ရွာမှာဖွင့်ထားတဲ့ ကုန်စုံဆိုင်ကိုပိတ်ပြီး ဒီလိုမကြာခဏ မိသားစုနဲ့အတူ လာဖူးဖြစ်ပါတယ်" ဟု ရွှေတိဂုံဘုရားသို့ လာရောက်ဖူးမြော်သည့် ဒေါ်အေးကြည်က ပြောကြားသည်။
အဆိုပါ ဘုရားစေတီများတွင် ဘုရားဖူး ပြည်သူများ ဘေးအန္တရာယ်ကင်းစွာ ဘုရားဖူးနိုင်ရန် လုံခြုံရေး အင်အားကို ဘုရားဂေါပကအဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်း၍ လုံခြုံရေး အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။  
ထို့အတူ ရန်ကုန်မြို့ရှိ ဘုရားစေတီ ပတ်ဝန်းကျင်များတွင်လည်း လူငယ်ပရဟိတ အဖွဲ့များက အအေး၊ ခေါက်ဆွဲကြော် စသည့်စားသောက်ဖွယ်ရာများကို စတုဒီသာများ ကျွေးမွေးလှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်ဓမ္မာရုံများ၊ ရပ်ကွက် အသင်းအဖွဲ့များ၊ အနှေးယာဉ် လုပ်သားတို့ကလည်း ပဒေသာပင်များ ပြုလုပ်ကာ ဘုန်းကြီးကျောင်းများတွင် ဆပ်ကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Eleven Media Group