မြင်းခြံမြို့နယ် ဆီးမီးခုံကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုခြင်းများ ဖြစ်ပေါ်

ပို့စ်တင်ချိန် - 11/23/2013 10:28:00 AM




မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ် အတွင်းရှိ ဆီမီးခုံကျေးရွာတွင် နိုဝင်ဘာ ၂၁ ရက် ညနေ(၃)နာရီခန့်က ဧရာဝတီမြစ်ကမ်း တစ်လျှောက်တွင် ကမ်းပါးပြိုခြင်းနှင့် မြေလွှာပြတ်ရွေ့ခြင်းများ ဖြစ်ပေါ်လျက် ရှိသောကြောင့် အခြေအနေကို စောင့်ကြည့်နေရကြောင်း ဒေသခံများနှင့် ဆီမီးခုံကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ကမ်းပါးပြိုခြင်းနှင့် မြေလွှာပြတ်ရွေ့ခြင်းများမှာ လွန်ခဲ့သော လေးရက်ခန့်မှ စတင်ဖြစ်ပေါ် လာသဖြင့် စောင့်ကြည့်ဆဲ အခြေအနေတွင် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်း၌ ကမ်းပါးများ ဆက်တိုက် ပြိုဆင်းခြင်းနှင့် မြေလွှာအက်ကြောင်းများ ပေါ်လာကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။

''လွန်ခဲ့တဲ့ လေးရက်လောက်က စပြီးတော့ ရွာမြောက်ဖျားက မြစ်ကမ်းနံဘေးမှာ အက်ကြောင်းလေးတွေ ဆက်တိုက်ဖြစ်ပေါ် လာပါတယ်။ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်နေတုန်းမှာပဲ ဒီနေ့မှာ ပိုပြီးဆိုးလာပါတယ်။ မြေလွှာအက်ကြောင်းကြီးတွေက ဧရာဝတီမြစ်ကမ်း တစ်လျှောက်မှာ ဖြစ်လာပါတယ်။ လက်ရှိအချိန်မှာတော့ ရွာနဲ့အနီးဆုံးနေရာ ပေသုံးဆယ်လောက်အထိ ရောက်လာပါပြီ။ အနီးဆုံး ငါးအိမ်လောက် ရွှေ့ပြောင်းရမှာ ဖြစ်ပါတယ်။ ဘာဖြစ်မယ် ပြောမရသေးပေမယ့် နာရီဝက်ခြား တစ်ခါတော့ စောင့်ကြည့်နေရပါတယ်'' ဟု ဆီးမီးခုံကျေးရွာ အုပ်ချုပ်ရေးမှုး ဦးထွန်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ဆီမီးခုံကျေးရွာ၌ ကမ်းပါးပြိုမှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း သိရပြီး ဗန္ဓုလရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်၊ မင်းရဲကျော်စွာရပ်ကွက်၊ အင်းဝရပ်ကွက်နှင့် သီတာအေးရပ်ကွက် တို့သည် ဧရာဝတီမြစ်ကမ်း တစ်လျှောက်ရှိ ရပ်ကွက်များဖြစ်ကြောင်း သိရသည်။ အဆိုပါ ရပ်ကွက်များမှ အိမ်ခြေ (၅၀) ခန့်သည် စောင့်ကြည့်နေရမည့် အခြေအနေ ရှိနေပြီး ကမ်းပါးပြိုခြင်းနှင့် မြေလွှာပြတ်ရွေ့ခြင်းများ ဆက်လက်ဖြစ်ပေါ်ပါက အိမ်ခြေတစ်ရာခန့်အထိ ရွှေ့ပြောင်းရန်လိုကြောင်း ဒေသခံရွာသား တစ်ဦးကဆိုသည်။

''အခုကမ်းပါးပြိုတဲ့ အနီးဆုံးရပ်ကွက်တွေမှာ အိမ်ခြေငါးဆယ်ခန့်က အန္တရာယ်ရှိနေပါတယ်။ ဆက်ပြီးပြိုနေရင်တော့ အိမ်တစ်ရာခန့်အထိ ရွှေ့ပြောင်းရနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုယ့်အစီအစဉ်နဲ့ ရွှေ့ပြောင်းထားတဲ့ အိမ်တွေရှိပါတယ်။ အကူအညီတွေတော့ လိုအပ်နေပါတယ်'' ဟု ဒေသခံရွာသား တစ်ဦးဖြစ်သူ ဦးမြသောင်းက ဆိုသည်။

မြင်းခြံမြို့နယ်ရှိ ဆီမီးခုံကျေးရွာသည် လက်ရှိအချိန်တွင် ကမ်းပါးပြိုခြင်းများ ဆက်လက် ဖြစ်ပေါ်နေပြီး အိမ်အလုံးရေ ငါးဆယ်ခန့်နှင့် အိမ်ထောင်စု(၅၇)စု လူဦးရေ(၃၀၀)ကျော်မှာ ကမ်းပါးပြိုခြင်း များကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေကြောင်း သိရသည်။ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ဆီမီးခုံကျေးရွာတွင် အက်ကွဲကြောင်းကြီးများနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်လျက်ရှိ၍ အက်ကွဲကြောင်း တစ်ခုလျှင် အရှည်ပေ ၅၀၀ ခန့်အထိ ရှိကြောင်း သိရသည်။

(မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် အတွင်းရှိ ဆီမီးခုံကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျနေမှုအား နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ်)
Eleven Media Group