မန္တလေးတွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်စေသည့်အချက်များ ဂျပန်ကုမ္ပဏီထောက်ပြ

ပို့စ်တင်ချိန် - 11/26/2013 11:26:00 AM


မန္တလေးမြို့ရှိ မန္တလေး နန်းတော်၊ မီးရထားဘူတာကြီး နှင့် မီးရထားလမ်းများ၊ မန္တလေးတက္ကသိုလ်နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းများသည် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားစေသည်ဟု ဂျပန်နိုင်ငံမှ ပညာရှင်များက ထောက်ပြထားကြောင်း သတင်းရရှိသည်။

Nippon Koei Co, Ltd က မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေးကို လာရောက်လေ့လာခဲ့ပြီးနောက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး မန္တလေးမြို့၏ ယာဉ်ကြောပိတ်ဆို့မှုများနှင့် ပတ်သက်၍ တင်ပြခဲ့သည်။

ယာဉ်ကြောပိတ်ဆို့မှုများမှာ ယာဉ်အစီးရေ အလွန်အမင်းများပြား
မှုမရှိသေးသည့်အတွက် ဆိုးဆိုးရွားရွားမရှိသေးဘဲ နံနက်နှင့် ညနေ အလုပ်ဆင်း အလုပ်တက်အချိန်များ တွင်သာ ဖြစ်ပေါ်နေပြီး
ဈေးချိုတော်ဧရိယာ၊ မဟာမုနိဘုရားကြီးဧရိယာ၊ ၇၈ လမ်းမတစ်လျှောက် နေရာများတွင် ဖြစ်ပေါ်နေသည်ဟုဆိုသည်။

ဈေးချိုတော်ဧရိယာနှင့် မဟာမုနိဘုရားကြိုး အနီးတစ်ဝိုက် လမ်းဘေးတွင် ရပ်ထားသော ကား၊ ဆိုင်ကယ်များ၊ ကုန်တင်ကုန်ချ ပြုလုပ်နေမှုများကြောင့် လမ်းများကိုကျဉ်းသွားစေပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်စေ၍ အသုံးပြုသည့် ယာဉ်အစီးရေနှင့် မီးပွိုင့်အရေအတွက်မှာ လုံလောက်မှုမရှိသေး၍ တိုးမြှင့်တပ်ဆင်သင့်ကြောင်း၊

မြို့လယ်ဗဟိုသို့ စက်မှုဇုန်မှ သွားလာနိုင်သည့် လမ်းသည် ၇၈ လမ်း တစ်လမ်းသာရှိသဖြင့် နောင်တွင် အခက်အခဲဖြစ်လာနိုင်
ဖွယ်ရှိကြောင်း ထောက်ပြခဲ့သည်။

ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ကားပိုင်ဆိုင်မှုမှာ အချိုးအစားမမျှတသဖြင့် ဘတ်စ်ကား ပြေးဆွဲမှု တိုးချဲ့သင့်ကြောင်း၊ ၂၅၀၀မီတာနှင့် ၅၀၀ မီတာအကျယ်အ၀န်းရှိသည့် ချမ်းမြသာစည်လေဆိပ်ဟောင်းသည် မြို့အရှေ့နှင့်အနောက်ကို ဆက်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေသော ဧရိယာတစ်ခုဖြစ်ပြီး

ယင်းလေဆိပ်သည် ရထားလမ်းနှင့်လည်း နီးကပ်နေသောကြောင့် မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် ချမ်းမြသာစည်လေဆိပ်ဟောင်းကို
ပြန်လည်အသုံးပြုသင့်၊ မသင့်နှင့် မန္တလေးဘူတာကြီးကို ရွှေ့ပြောင်းရန် (သို့မဟုတ်) မီးရထားလမ်းများကို ကောင်းကင်ရထားလမ်းအဖြစ် ပြောင်းဖောက်ရန် အကြံပြုတင်ပြထားကြောင်း သတင်းရရှိသည်။

7Daydaily